ကျွန်တော်နှင့် အင်္ကျီများ အပိုင်း ၁
myanmar·@ahtaroo·
0.000 HBDကျွန်တော်နှင့် အင်္ကျီများ အပိုင်း ၁
ကျွန်တော်တွင် အင်္ကျီများစွာရှိပါသည်။ လူတိုင်းတွင်လဲ အင်္ကျီများစွာရှိပါသည်။ ကျွန်တော်သည် အင်္ကျီဝတ်ပါသည်။ လူတိုင်းသည်လည်း အင်္ကျီဝတ်ပါသည်။ လူတိုင်းဝတ်သည့် အင်္ကျီများမှာ တစ်ခါတစ်ရံတွင် တူညီကြပြီး အမြဲသဖြင့် မတူညီကြပါ။ ကျွန်တော်ဝတ်သည့်အင်္ကျီများမှာတော့ သာ၍ပင် မတူညီကြပါ။ ကျွန်တော်ဝတ်သည့် တစ်ချို့ အင်္ကျီများမှာ ပုံစံတူပြီး အရောင်မတူကြပါ။ တစ်ချို့ အင်္ကျီများမှာစာတန်းပါ၍ တစ်ချို့ အင်္ကျီများမှာ ဒီဇိုင်းရုပ်ပုံပါကြပါသည်။ ယခုအချိန်ထိ ကျွန်တော် အင်္ကျီကောင်းကောင်းမဝတ်တတ်သေးပါ။ ငယ်ငယ်တုန်းကလည်း မဝတ်တတ်သေးပါ။ ထို့ကြောင့် ကျွန်တော်ဝတ်ခဲ့သော အင်္ကျီများအကြောင်းကို ယခုမှပင် ကျွန်တော်ပြန်လည်တွေးတောစဉ်းစားကြည့်မိပါသည်။ အင်္ကျီဆိုသည်မှာ လူတစ်ယောက်၏ ကိုယ်ပိုင်အမှတ်တံဆိပ် ကိုယ်ယုံကြည်ရာအရိပ်တစ်ခုနှင့် ထိစပ်ပတ်သက်နေလေသလားဆိုတာ စိတ်ကူးများဖြင့် ကျွန်တော်ဝတ်ခဲ့သော ကျွန်တော်ဝတ်ဆဲသော ကျွန်တော်ဆက်လက်ဝတ်နေလိမ့်ဦးမည့် အင်္ကျီများအကြောင်း ကျွန်တော်ဥာဏ်မှီသလောက် ကျွန်တော်ပြန်လည်တွေးတောမိနေခြင်းသာဖြစ်၏။ ပထမအရွယ် ကျွန်တော်ဝတ်ခဲ့သော အင်္ကျီများမှာ လွန်စွာများပြားလှပြီ။ ထိုပထမအရွယ် ကျွန်တော်ဝတ်ခဲ့သော အင်္ကျီများထဲမှ ကျွန်တော်၏စိတ်ကို ကျွန်တော်သင်္ကေတပြုဝတ်ခဲ့သော အင်္ကျီများမှာ ရှပ်အင်္ကျီရောင်စုံများနှင့် တီရှပ်ရောင်စုံများပင်ဖြစ်ပါသည်။ ရှပ်အင်္ကျီရောင်စုံ လက်တိုလက်ရှည်များတွင် ကော်လံပါသောရှပ်အင်္ကျီများနှင့် ကော်လံမပါသော လည်ကတုံးအင်္ကျီများ။ ကော်လံပါသောရှပ်အင်္ကျီအဖြူများနှင့် လည်ကတုံးရှပ်အင်္ကျီအဖြူရောင်များကိုတော့ အလှူမင်္ဂလာဆောင်ပွဲများနှင့် ဘုရားသွား၊ ကျောင်းတတ်ဝတ်စုံများအဖြစ် သတ်မှတ်ကာထားလေ၏။ ဤသို့ အဖြူရောင်အင်္ကျီများကို ဤနေရာတွင်သာ ဝတ်ရန်သတ်မှတ်ခဲ့ခြင်းမှာ မိဘ၊ ဆရာ၊ သမားများ၏ ပြောဆိုညွှန်ပြမှုနဲ့ ပတ်ဝန်းကျင်မှလူများ၏ ဝတ်ဆင်ပုံကိုကြည့်ရှုရင်းမှရရှိလာသောမိမိ၏ ဝတ်စားဆင်ယင်မှုပင်ဖြစ်၏။ အဖြူရောင်အင်္ကျီများကို ဝတ်ဆင်ထားရသဖြင့် မိမိကိုယ်ကိုယ်လည်း သန်ရှင်းစင်ကြယ်နေသည်ဟု ထင်မြင်မိပြီး လူအများနှင့် တွေ့ဆုံစဉ်မှာလည်း ယဉ်ကျေးချိုသာစွာ သတိအနေအထားဖြင့် ပြုမူပြောဆိုတတ်ခြင်းကို ပိုင်ဆိုင်ရရှိထားပါသည်။ ဤသို့ဖြင့် ဘုရားသွား၊ ကျောင်းတက် ကျွန်တော်၏ အဖြူရောင် ပွဲတက်ဝတ်စုံလေးများက ကျွန်တော်ကို ရွှင်လန်း ငြိမ်သက်စေပါသည်။ သို့သော် ကျွန်တော် အိမ်ပြန်ရောက်လျှင်ရောက်ခြင်း ဦးစွာ စလုပ်ရမည့်အလုပ်မှာ ထိုပွဲတက်အဖြူရောင်အင်္ကျီများကို စတင်ချွတ်ပစ်ခြင်းသာဖြစ်လေသည်။ ထိုအဖြူရောင်အင်္ကျီများကိုချွတ်ပစ်ရင်း ကျွန်တော်တစ်ကိုယ်တော်တွေးနေမိသည်မှာ ဒီနေ့အဖို့ ဝတ္တရားတစ်ခုတော့ ပြီးဆုံးသွားလေပြီ ဟူ၍သာဖြစ်လေသည်။ ထိုစဉ်တစ်စုံတစ်ခုသောအသံများ ထိုအဖြူရောင် အင်္ကျီကို ဘာကြောင့် ဝတ်ဆင်သလဲဟုမေးလာလျှင်ကား ကျွန်တော်မိသားစုနှင့် ကျွန်တော်ပတ်ဝန်းကျင်က ကျင့်သုံးသော ဓလေ့အရသာ ကျွန်တော်ဝတ်ဆင်ရခြင်းဖြစ်ကြောင်း ကျွန်တော်ပြောရပေလိမ့်မည်။ မှန်ပေသည်။ ကျွန်တော်သည် အဖြူရောင်အင်္ကျီများကို တကယ်မဝတ်တတ်သေးပါ။ သို့သော် အဖြူရောင်အင်္ကျီဝတ်ရတာကိုတော့ ကျွန်တော်ကြိုက်သည်။ အဖြူရောင်အင်္ကျီများသည် ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီးမှသာဝတ်ဆင်၍ကောင်းသော အင်္ကျီဖြစ်သော့ကြောင့် ခဏတဖြုတ်တော့ ကျွန်တော်တို့၏ စိတ်များသန့်ရှင်းသွားရသည်မဟုတ်ပါလား။  ထိုနောက်ကျွန်တော်ဝတ်ခဲ့သောရောင်စုံတီရှပ်များ...။ လူပျိုပေါက်အရွယ်တွင် တက်ကြွလှုပ်ရှားသော စိတ်ဓာတ်များဖြင့် ကျွန်တော်ဝတ်ခဲ့သော စာတန်းပါ တီရှပ်များ၊ ရုပ်ပုံပါ တီရှပ်များ၊ သူငယ်ချင်းများနှင့် ဟိုသွားဒီသွားဝတ်ခဲ့သော အရိုးခေါင်းပုံ၊ မီးတောက်ပုံ၊ ဆိုင်ကယ်ပုံ၊ သိမ်းငှက်ပုံ၊ အလံပုံပါ တီရှပ်များ။ ဘုရားပွဲတော်ညများ၊ စတိတ်ရှိုးပွဲတော့ညများတွင် နိုင်ငံခြားတီးဝိုင်းပုံပါတီရှပ်များကို စွဲလန်းစွာ ဝတ်ဆင်ခဲ့သော လူငယ်တစ်ယောက်၏ တက္ကသိုလ် နွေညများ။ ကျွန်တော်၏ လူငယ်ဘဝကို ပေါ့ပါးပျော်ရွင်အောင် အားဖြည့်ကူညီပေးခဲ့သော ဒီဇိုင်းစာတန်းပါရောင်စုံတီရှပ်များ၊ ၄င်းတီရှပ်များကို ကျွန်တော်အဘယ့်ကြောင့်ဝတ်သလဲဆိုလျှင်ကား ကြိုက်၍ ဝတ်သည်ဟုပင် ပြောရမလို မဝတ်နဲ့ဆိုသော တားမြစ်သံတွေ ရှိနေသော်လည်း ဝတ်မှာပဲဟုပြောနေဦးမည့် ကျွန်တော်၏ လူငယ်ဘဝနှင့် လွတ်လပ်ခြင်းအတွက်အရာရာကို ဆန့်ကျင်ရင်း ဝတ်ဆင်ခဲ့သောတီရှပ်များ...။ ခံစာချက်ကို ဦးစားပေးလို့ ဂစ်တာတစ်လက်လို လွင့်ပျံနေသော ဂျစ်ပစီမိုးတိမ်တီရှပ်များ...။ ဒုတိယအရွယ်တွင် ဝတ်ဆင်သောအင်္ကျီများအကြောင်း ဒုတိယပိုင်းတွင်မျှော်.....။  အတာဦး
👍 ahtaroo, brayanduran, good-karma, demo, roelandp, mysteem, feruz, esteemapp, bounties, steempoll, tipping, samuraiz, yeyintkyaw, htetwaihin, srtechtube, tamuthar, thantzin, chitnaingoo, gelatofresco, naythuhtet, moemyint, tinhlaingoo, sheinthu, shweyaungmyanmar, komoezaw, steemloverr, steemitboard, htinlinaung, donjaun, thiri, bitcoiner, nandaminkhant, thatkozaw, julybrave, kyawhlaing, aungzawhtwe, ayemomo, pyaesonekhinkhin, khayae, camelot, curie, velourex, meerkat, dunia, hendrikdegrote, anwenbaumeister, kushed, pharesim, mckenziegary, bitrocker2020, sammie, mamamyanmar,