သူငယ်ချင်းအစ်ကိုတစ်ဦးသို့

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@alexarkar·
0.000 HBD
သူငယ်ချင်းအစ်ကိုတစ်ဦးသို့
ကောင်းကင် တခုလုံး ညို့မှိုင်းပြီး မိုးတွေ သဲသဲ မဲမဲ ရွာနေတဲ့ နေဝင်ခါစ ဒီလို အချိန်လေးဟာ အားငယ်စိတ်၊ ကြောက်လန့်စိတ်တွေဖြစ်ဖို့ နှိုးဆော်နေသလိုပါပဲ။ ဒါပေမဲ့ ကြောက်လန့်စိတ်တွေ တွေဝေစိတ်တွေအစား ဝမ်းနည်းခြင်း နှမြောလွမ်းဆွတ်ခြင်းတို့သာ ကျွန်တော့်စိတ်အစဉ်မှာ စိုးမိုးလျက်ရှိပါတယ်။ ကျွန်တော့် နေ့စဉ်မှတ်တမ်းစာအုပ်များနဲ့ ဓာတ်ပုံများကို ပြန်လည်ဖတ်ရှူနေရင်း မနှစ်က မိုးတွင်းနေ့တနေ့ကို ပြန်ပြောင်း သတိရမိလာပါတယ်။
![ark 3.jpg](https://steemitimages.com/DQmQgMMTGpshPHRcDGp5f9qsmFjXLoMFiur5pm7wRcUifxz/ark%203.jpg)
[Images Credit - Original Source](https://steemit.com/esteem/@deeplove/new-adventure-tour-in-myanmar-new-place-new-experience-17f1e9c65661f)

အဲဒီနေ့ဟာ ကျွန်တော့်အတွက် အလွန်ဝမ်းနည်းကြေကွဲဖွယ်ရာနေ့တနေ့ ဖြစ်ခဲ့ရတဲ့နေ့ပါ။ ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ဦး၊ မိတ်ဆွေကောင်း တစ်ဦး ဆုံးရှုံးခဲ့သောနေ့လည်းဖြစ်ပါတယ်။ ဒါတင်မက မြန်မာနိုင်ငံ တောင်တက် သမားများထဲမှ ( Best Climber  ) တစ်ဦး ဆုံးရှုံးသွားသလို မိသားစုအတွက်လည်း မိသားစုဝင်ကောင်းတဦး၊ လူသားကောင်းတဦး ဆုံးရှုံးသွားခြင်း ဖြစ်ပါတယ်။
လွန်ခဲ့သောနှစ် မိုးများစွေနေသော ညနေခင်းမှာ တောင်တက်သမား ကိုထွန်းအောင်ရဲ့ သတင်းကို ဆရာမျိုးချစ်က မျက်ရည်ဝဲစွာနဲ့ ပြောလာပါတယ်။ ” ကောင်လေး ခရီးထွက်ရင်း ငွေဆောင်မှာ ဆုံးပြီ” တဲ့။ ကျွန်တော် ကြားကြားချင်း မယုံနိုင်ပါ။ ဝမ်းနည်းမှု၊ နှမြောတသမှုတို့နဲ့အတူ ယူကြုံးမရ ခံစားမိလျက် မိသားစုဝင်များရဲ့ ခံစားမှုများကို စာနာနေမိပါတယ်။  တက္ကသိုလ်များ ခြေလျင်တောင်တက် အသင်းဝင် အကောင်းဆုံး တောင်တက်သမားတဦး၊ လူသားကောင်းတဦး ကျွန်တော်တို့အားလုံးကို ထာဝရ ခွဲခွါသွားခဲ့လေပြီ။ ကိုထွန်းအောင်ရဲ့ အဖြစ်အပျက်ကို ကြားသိရတဲ့ မိတ်ဆွေသင်္ဂဟများနဲ့ တောင်တက်သမား အသိုက်အဝန်းတစ်ခုလုံး နက်ရှိုင်းစွာ ဝမ်းနည်း တုန်လှုပ်ခဲ့ရပါတယ်။  ကျွန်တော့အတွက်တော့ ညီအကိုလို ချစ်ခင်လေးစား ရတဲ့  မိတ်ဆွေကောင်းတစ်ဦး ကျွန်တော့ကိုထားခဲ့သလို ခံစားရပါတယ်။ ဒါပေမဲ့  ကျွန်တော် သူ့အတွက်စိတ်မပူခဲ့ပါ။ သူပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုကံစေတနာတွေက ပို၍မြင့်မားသော ဘဝများစွာသို့ ဘဝကူးကောင်းစေမယ်လို့ ယုံကြည်လျက်ပါ။
![ark 1.jpg](https://steemitimages.com/DQmdnrZt5SPF4hJx3Jzn8KFvfrteBbdgtWnLZ9b5xheksDW/ark%201.jpg)
[Images Credit - Original Source](http://www.simon-vlog.com/2016/04/blog-post_589.html)
ကိုထွန်းအောင်ဟာ ကျွန်တော်တို့အားလုံးရဲ့ စံနမူနာပြုစရာ ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို တောင်တက်အသင်းခေတ်မီဖို့ အမြဲတစေ စီစဉ်ကြံဆနေခဲ့သူဖြစ်ပါတယ်။  ကိုထွန်းအောင်နဲ့ တွေ့ဖူး၊ သိဖူးတဲ့လူတိုင်း သူ့ရဲ့ စိတ်အားထက်သန်မှုကို ပြောပြနိုင်ပါလိမ့်မယ်။ ထိုးထွင်းတီထွင်မှု ကောင်းသူတစ်ဦးဖြစ်ပြီး တောင်တက်သုံး ပစ္စည်းများ ဖြစ်တဲ့ (Ice Axe) ရေခဲပုဆိန်၊….. (Crampon) ရေခဲစီး ဆူးဖိနပ်တို့ကိုလည်း ကိုယ်တိုင်ဖန်တီးကြိုးစားပြုလုပ်ခဲ့သူဖြစ်ပါတယ်။ တောင်ပေါ် သွားလာရာမှာ အလွန်အသုံးဝင်တဲ့ ရေခဲပုဆိန်တစ်လက်လိုပဲ သူဟာ လူသား အားလုံးအတွက် အသုံးဝင်သူ၊ အားကိုးရသူဖြစ်ပါတယ်။ တောင်တက်သမား ကြီးငယ်မဟူ အမြဲလက်တွဲခေါ်သူမို့ အားလုံးရဲ့ ချစ်ခင်ယုံကြည်မှု၊ လေးစားမှုတို့ကို ပိုင်ဆိုင်သူတစ်ဦးပါ။ အီမောဘွန်း ၊ ဖွန်ဂန်။ လွန်ခရုမာဒင် ၊ဖန်ဂရန်၊ မဒွယ်ရာဇီ ၊ ထောရကော် စတဲ့ ရေခဲတောင်ပေါင်းမြောက်များစွာ၊ ခရီးကြမ်းပေါင်းမြောက်များစွာ အတွေ့အကြုံရှိသူဖြစ်ပြီး တောင်တက်သမား ဝမ်းစာပြည့်ဝခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်တော်တို့လို လူငယ်တွေကိုလည်း အမြဲတမ်း လက်တွဲခေါ်ယူ သင်ယူဖို့ ပျော်ရွှင်စွာကြည်ဖြူသူလည်း ဖြစ်ပါတယ်။
ကိုထွန်းအောင်ဟာ သူ့ရဲ့ နေ့စဉ်ဘဝတွေကိုလည်း ရိုးရှင်းစွာ ဖြတ်သန်းသူ ဖြစ်ပါတယ်။ သူ့ရဲ့ အသင်းအပေါ် ထားတဲ့ စေတနာ၊ ပေးဆပ်မှု ၊ စွံ့လွှတ်အနစ်နာခံမှုတွေအတွက် အကောင်းဆုံး တောင်တက်သမားဆု(၃)ကြိမ်တိုင် ဂုဏ်ပြုခံခဲ့ရသူ ဖြစ်ပါတယ်။ ပြီးတော့  ကိုထွန်းအောင်ဟာ စိတ်ရင်း နှလုံးရင်းနဲ့ ကူညီတတ်သူ၊ အမှားအမှန်ဝေဖန်ချင့်ချိန်နိုင်တဲ့ ပညာ ရှိသူလည်းဖြစ်ပါတယ်။ ကျွန်တော် အသင်းဝင်စက ဘူမိဗေဒကျောင်းသားဟောင်း  ကိုထွန်းအောင်ကို စတွေ့တွေ့ချင်းပဲ ခင်မိပါတယ်။ အစ်ကိုရဲ့ လက်တွဲခေါ်ယူမှု၊ အားပေးမှု ၊ သင်ပြမှုတွေကြောင့် ကျွန်တော်တို့ လူငယ်တွေမှာ တောင်တက်အားကစားတင်မကပဲ အစ်ကိုရဲ့ (Personality)၊ အပြောအဆို၊ ပေါင်းသင်းဆက်ဆံရေး၊ စိတ်နေစိတ်ထားတွေပါ လေ့လာခွင့်၊ တိုးတက်ခွင့်ရခဲ့ကြပါတယ်။ အစ်ကိုမရှိတော့ ကြိုးတက်ကြိုးဆင်းလုပ်ရတာ အဆင်မပြေဘူအစ်ကို။ စမ်းတဝါးဝါးနဲ့ပဲ လုပ်နေရတယ်။
အစ်ကို အသင်းအတွက် စီစဉ်ပေးခဲ့တဲ့ မြိုင်ဟေဝန်ခရီးစဉ်မှာ ကျွန်တော့်ကြောင့် မတော်တဆမှုဖြစ်ခဲ့တာတွေကို ဆုံးမသူ အားပေးနှစ်သိမ့်သူ၊ သင်ခန်းစာယူတတ်အောင် သွန်သင်ခဲ့သူဟာလည်း အစ်ကိုပါပဲဗျာ။
![ark 2.jpg](https://steemitimages.com/DQmSGSyNpcuLytM6Mr2VXKYDi2zp4qfzcmb59JToX7SvhTF/ark%202.jpg)
[Images Credit - Original Source](http://www.simon-vlog.com/2016/04/blog-post_589.html)
ပြီးတော့ တောင်တက်နံရံ ( Climbing Wall ) လုပ်ဖို့ ခေါင်းတိုက်ဆွေးနွေးခဲ့တာတွေ၊ အိမ်မက်တွေအကောင်အထည်ဖော်ဖို့အတွက် နိုင်ငံခြားအထိ လိုအပ်တဲ့ပစ္စည်လှမ်းမှာဖို့ကနေ ” ဗားကရာ” ရာဘာ ဗွတ်တွေသုံးဖို့ အထိ ကြိုးစားခဲ့တာတွေ၊ အိမ်မက်တွေကို လှန့်နှိုးခဲ့တဲ့ (Nargis) နာဂစ် မုန်တိုင်း ကယ်ဆယ်ရေးအတွက် အစ်ကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့တာတွေများစွာ၊ အဖြစ်အပျက်များစွာ၊ အမှတ်တရများစွာ။ အစ်ကို့ရဲ့ မိသားစုအပေါ်ထားတဲ့ ချစ်ခြင်း မေတ္တာ၊ ဇနီးနဲ့ သမီးလေးအပေါ်ထားတဲ့ ချစ်ခြင်း မေတ္တာတွေဟာ ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ပါ။ ကျွန်တော်တို့အတွက် စံပြုစရာ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထာဝရရှိနေမှာပါ။ ကျွန်တော့အတွက်တော့ အစ်ကို ထွန်းအောင်ဟာ သူရဲကောင်းတစ်ဦးပါပဲ။ ကျွန်တော်တို့ တောင်ထိပ်တွေပေါ်မှာ ခြေချတိုင်း အစ်ကိုဟာ ကျွန်တော်တို့ရဲ့ စိတ်အစဉ်မှာ အမြဲရှိနေမှာပါ။ တကယ်တမ်းတော့ အစ်ကို့ရဲ့ စင်ကြယ်တဲ့ ဝိညာဉ်ဟာ ပိုမိုမြင့်မားတဲ့နေရာ၊ ပိုမိုကောင်းမွန်တဲ့ ဘုံဘဝမှာ တည်နေပြီ မဟုတ်ပါးလားခင်ဗျာ။
![ark 4.jpg](https://steemitimages.com/DQmQ6oJAMG9CXUs3D2Q8u3GyHb6RM6jrgfZ38WA2Tpfb9e5/ark%204.jpg)
[Images Credit - Original Source](https://myanmar-odb.org/2016/02/03/%E1%80%98%E1%81%80%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%B1%E1%80%9C%E1%82%94%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%82%94%E1%80%BB%E1%80%95%E1%80%84%E1%80%B9%E1%80%86%E1%80%84%E1%80%B9/)
👍 , , , , , , ,