မတူကွဲပြား ယဉ်ကျေးမှုများ(Difference Between Cultures)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@ansoe·
0.000 HBD
မတူကွဲပြား ယဉ်ကျေးမှုများ(Difference Between Cultures)
### **ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။**


### **Mingalar par. My dear Myanmar steemians families.**



****************
--------------------------

![cultural-differences.png](https://steemitimages.com/DQmZQ1sPtvWBE5ncCXNeDB1eGQ9SUhNcUYGpBFiyAEnnj2A/cultural-differences.png)


Image from google


**************



ကမ္ဘာပေါ်တွင် နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဓလေ့ထုံးတမ်းအစဉ်အလာပေါင်းစုံရှိပေသည်။ ထိုသို့ရှိနေကြရာတွင်ကမ္ဘာ့နိုင်ငံအသီးသီးတွင် မတူညီ ကွဲပြာခြားနားသော ယဉ်ကျေးမှုများ အသီးသီးရှိကြပေသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးဆက်ဆံကြရာတွင် ယဉ်ကျေးမှုမတူညီခြင်းများ တစ်ခါတစ်ရံ အထင်လွဲအမြင်လွဲခံကြရတတ် ပါသည်။ တစ်ခါတစ်ရံတွင်လည်း ပြသနာဖြစ်တတ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုဆိုသည်က အခြား သောနိုင်ငံ၊ အခြားသော လူမျိုးတစ်မျိုးအတွက် ရိုင်းစိုင်းသော အပြုအမူ ဖြစ်နေတတ်ကြသောကြောင့်ဖြစ်ပေသည်။ ကျွန်တော်တို့နေထိုင်ရာ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုများသည် လည်း အခြားသောနိုင်ငံ၏ယဉ်ကျေးမှုများနှင့် ဆန့်ကျင်ဖက်များဖြစ်နေတတ်ပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံတွင် ယဉ်ကျေးသည်ဆိုသောအပြုအမူသည် အခြားသောနိုင်ငံ၊ အခြားသော လူမျိုးတစ်မျိုးအတွက်မူ ရိုင်းစိုင်းသော အပြုအမူဖြစ်သွားတတ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတို့အတွက်မူ အလွန်ယဉ်ကျေးသော အပြုအမူတစ်ရပ်သည် အခြားလူမျိုးတစ်မျိုးအတွက် ရိုင်းစိုင်းသောအပြုအမူဖြစ်သွားတတ်သည်ကို သတိပြုအပ်ပါ သည်။ ထိုကဲ့သို့သော ကွဲပြားသော ယဉ်ကျေးမှုများကို ဗဟုသုတဖြစ်စေရန်အတွက်လည်းကောင်း၊ မိမိတို့၏ ယဉ်ကျေးမှုကို အလေးထား ထိန်းသိမ်းကြစေလိုသော စိတ်စေတနာဖြင့်လည်းကောင်း ရေးသားခြင်းဖြစ်ပါသည်။




***************

![234.png](https://steemitimages.com/DQmXCfJHJKkHVkLWYkY76cCt9H7dSAWSt1uBRMrCsmx3NKo/234.png)


Image form google

**************




အချို့ အချို့သောနိုင်ငံခြားတိုင်းပြည်များတွင် လူတို့၏ ခန္ဓာကိုယ်အပေါ်ပိုင်း နှင့် ခန္ဓာကိုအောက်ပိုင်းအသုံး အဆောင်များကို ခွဲခြားခြင်းမပြုကြကြောင်းသိရှိရပါသည်။ အချို့သော တိုင်းပြည် အချို့သောနိုင်ငံများတွင် ဆိုခဲ့သည့်အတိုင်း ခန္ဓာကိုယ်အပေါ်ပိုင်း နှင့် ခန္ဓာကိုယ်အောက်ပိုင်း ကိုခွဲခြားခြင်းမပြုကြပေ။ အဘယ်ကဲ့သို့ မခွဲခြားသနည်း။ မြန်မာနိုင်ငံမွေးဖွားလာကြသော မြန်မာလူမျိုးတို့သည် ခန္ဓာကိုယ်အထက်ပိုင်းအား စင်ကြယ်သည် မြင့်မြတ်သည်ဟု သတ်မှတ်ကြပြီး ခန္ဓာကိုယ်အောက်ပိုင်းကိုမူ ညစ်ပတ်သည် ယုတ်ညံ့သည်ဟု သတ်မှတ်ထား ကြပေသည်။ ဆန့်ကျင်ဖက်အသွင်ဆောင်နေကြသည်ဟု ထင်မြင်ယူဆမိပါသည်။ စဉ်းစားကြည့်ကြပါအုံးစို့ခင်ဗျာ။ ခန္ဓာကိုယ်အပေါ်ပိုင်း နှင့် အောက်ပိုင်းကို ခွဲခြားခြင်းမပြုသော နိုင်ငံများတွင် အသုံးပြုကြသော ပစ္စည်းများအားလည်း ခွဲခြားခြင်းပြုမည်မဟုတ်ပါ။ မျက်နှာသုတ်ပုဝါ နှင့် ခြေသုတ်ပုဝါသည် အတူတူပင်ဖြစ်ပါမည်။ အဘယ်သို့ထင်မြင်ယူဆမိပါသနည်းချစ်မိတ်ဆွေ။ မျက်နှာသုတ်ပုဝါနှင့် ခြေထောက်ကိုသုတ်ပြီး ခြေထောက်ကို သုတ်သောအ၀တ်ဖြင့် မျက်နှာသုတ်နိုင်မည်လား။ မြန်မာပြည်တွင်တော့ ထိုသို့သော အမူအကျင့်ကို လက်သင့် မခံနိုင်တာကြတာတော့သေချာပါသည်။ မျက်နှာသုတ်ပုဝါ နှင့် ခြေသုတ်အ၀တ်တို့ကိုပင် ရောနှောထားနိုင်ကြမည် မထင်ပါ။ မည်သင့်အမူအကျင့်ကို လက်ခံကျင့်သုံးသင့်သနည်းဆိုသည်ကိုတော့ စဉ်းစားကြစေချင်ပါသည်။


*************


![hand.png](https://steemitimages.com/DQmPMJtp2LhvxAiz9h1YFB6g2r9Wzk3Wv6CAe45xJYDf3Y3/hand.png)


Image from google


**************




အများအားဖြင့် အခြားသောနိုင်ငံများမှ နိုင်ငံခြားသားများသည် ခြေထောက် နှင့် ခေါင်းကို တန်းတူထားလေ့ရှိကြ ပါသည်။ မျက်နှာသုတ်သောပုဝါ ဖြင့် ခြေထောက်အား သန့်ရှင်းရေးလုပ်တတ်ကြပါသည်။ မျက်နှာသစ်သော ကြွေခွက်အတွင်းတွင် ခြေထောက်ကိုဆေးကြသည်။ ခြေဆေးထားသောရေဖြင့်လည်း မျက်နှာသစ်တတ်ကြသည်။ သောက်ရေအိုးမှ ရေဖြင့်လည်း ခြေထောက်ဆေးကြသည်။ ခြေထောက်ဆေးပြီးသောရေဖြင့်လည်း ပလုတ်ကျင်းခြင်း၊ မျက်နှာသစ်ခြင်း ပြုလုပ်တတ်ကြသည်ကို မြင်တွေ့ရပါသည်။ မိမိတို့ခေါင်းအုံးကို ခြေထောက်တင်ကြသည်။ ဖင်ခုကာထိုင်ကြသည်။ ခုတင်တစ်ခုတည်းတွင် လူနှစ်ယောက်အတူတူအိပ်ရပါက ဖင်ပြန် ခေါင်းပြန်အိပ်လေ့ရှိကြသည်။ တစ်ယောက် အိပ်နေသော ခေါင်းအုံးကို တစ်ယောက်ခြေထောက်တင်ပြီး အိပ်ကြသည်။ ထိုသို့ ဖင်ပြန် ခေါင်းပြန်အိပ်ခြင်း၏ အကြောင်းပြချက်ကား လူနှစ်ယောက် မျက်နှာချင်းဆိုင်အိပ်ပြီး တစ်ယောက်က ရူထုတ်သော လေကို အခြားသူ တစ်ယောက်က ရူမိခြင်းသည် ရောဂါကူးစက်နိုင်သည် ဟု ဆိုကြကြောင်းသိရှိရပါသည်။ မနေ့ ကိုထွန်းမင်းဇော်  @htunminzaw  ရေးသားချက်ထဲတွင် ပါရှိသောအကြောင်းအရာတွင် စင်္ကာပူနိုင်ငံတွင် အလုပ်ဝင်ကာစအချိန်က စကားပြောဆိုရာ တွင် လက်ပိုက်ပြီး စကားပြောခဲ့သဖြင့် အထင်အမြင် လွဲခံခဲ့ရကြောင်းပါရှိခဲ့ပါသည်။ သူတို့နိုင်ငံတွင် လက်ပိုက် ခြင်းသည် မခန့်လေးစား အပြုအမူဖြစ်ကြောင်း ပြောပြခဲ့သည်ဟုဆိုပါသည်။ လက်ပိုက်ကာ စကားပြောဆိုခြင်းသည် မြန်မာနိုင်ငံတွင်မူ ကျောင်းနေစဉ် ကလေးဘ၀ကပင်လျှင် ယဉ်ကျေးအောင်သင်ပြပေးခဲ့သော ယဉ်ကျေးမှု အပြုအမူတစ်ရပ်ဖြစ်သော်လည်း သူတို့နိုင်ငံတွင် ရိုင်းစိုင်းသော အမူအရာ ဖြစ်နေသည်ကို သတိမမူခဲ့မိပါလျှင် ပြသနာဖြစ်စေနိုင်ပါသည်။


*************


![difference copy.png](https://steemitimages.com/DQmSFoMfLS11s11icnQYyPs6j7owgBhB2KEq4W2FUzci4MW/difference%20copy.png)


Image from google


*************


ယနေ့ မြန်မာလူမျိုးများ တစ်ပိုင်းအလွတ်မခံ၊ ဘုရားရှိခိုးပျက်၊ တရားနာပျက်၊ ထမင်းစားပျက်ခံကာ ကြည့်ရှုအားပေးနေကြသော ကိုရီးယားဇာတ်ကားများတွင် လေ့လာကြည့်ပါက ပစ္စည်းများကို ပေးကြရာတွင် ဖြစ်စေ၊ ပစ္စည်းများကိုညွှန်ပြရာတွင်ဖြစ်စေ ခြေထောက်ဖြင့် ညွှန်ပြကြသည်ကိုတွေနိုင်ပါသည်။ အချို့သော နိုင်ငံခြားများတွင်လည်း ထိုကဲ့သို့ပင် ပစ္စည်းညွှန်ပြရာတွင် ခြေထောက်ဖြင့်ညွှန်ပြကြကြောင်းမှတ်သားဖူးပါသည်။ ထိုကဲ့သို့သောအပြုအမူသည် မြန်မာလူမျိုးများအတွက် အလွန်ရိုင်းစိုင်းသောအပြုအမူပင်ဖြစ်သည်မဟုတ်ပါလော။ သို့သော် ထိုနိုင်ငံ ထိုလူမျိုးများအတွက်မူ ရိုင်းစိုင်းသောအပြုအမူမဟုတ်ပါချေ။ ထိုအပြုအမူများသည် အနောက်တိုင်းသားများ၏ အပြုအမူများဖြစ်ပါသည်။ အနောက်တိုင်းသားများသည် တစ်စုံ တစ်ယောက်ကို သဘောကျသဖြင့် ချီးကျူးလိုပါက ထိုသူ၏ ဦးခေါင်းအား လက်ဝါးဖြင့်ပုတ်ခြင်း၊ ပါးအား လက်ဝါးဖြင့်အသာအယာ ပုတ်ခြင်းစသည်ဖြင့် ပြုလုပ်တတ်ကြပါသည်။ ထိုသို့ ဦးခေါင်းကိုပုတ်ခြင်း၊ ပါးကိုပုတ်ခြင်းတို့သည် ချီးကျူးခြင်း၏ လက္ခဏာများဖြစ်သော်လည်း မြန်မာနိုင်ငံ မြန်မာ့ယဉ်ကျေးမှုတွင် လူကြီး သူမများ၏ ဦးခေါင်းကို ကိုင်တွယ်ခြင်း မပြုရပါ။ ဦးခေါင်းသည် အမြတ်ဆုံးသော ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်သဖြင့် ကိုင်ရန်ခွင့်ပြုသူမှတစ်ပါး အခြားသူများ ကိုင်တွယ်ခွင့်မရှိပါချေ။ ထိုသို့ကိုင်တွယ်ခြင်းသည်လည်း ရိုင်းစိုင်းသော အပြုအမူပင်ဖြစ်ပါသည်။


*************



![difference11 copy.png](https://steemitimages.com/DQmb74aA8K9PhLzX2rmnNJZPsWPGxDZYL2YzWyAuGnKB4bA/difference11%20copy.png)


Image from google



*************

ထိုအပြုအမူများအပြင် အနောက်တိုင်းသားတို့သည် အတွင်းခံဘောင်းဘီကို ရွံရှာမှုမရှိဘဲ ခေါင်းတွင်စွတ်ခြင်း၊ ခြေအိတ်ကို ခေါင်းတွင်စွတ်ခြင်း၊ ခြေအိတ်ဖြင့် ထမင်းအိုး ဟင်းအိုးများအား လက်နှီးစုတ်အဖြစ်ကိုင်တွယ်ကြခြင်း၊ အခြားသူများ ထမင်း သို့မဟုတ် အစားအစာများ စားသောက်နေချိန်တွင် ချွဲသလိပ်ဟပ်ခြင်း၊ တံထွေးများထွေးခြင်း တို့ကိုပြုလုပ်တတ်သော်လည်း သူတို့နိုင်ငံ သူတို့လူမျိုးများအတွက် ရိုင်းစိုင်းသော အပြုအမူများမဟုတ်ကြပါချေ။ သို့သော် ကျွန်တော်တို့ မြန်မာလူမျိုးများအတွက်မူ မယဉ်ကျေးသော၊ ရိုင်းစိုင်းသော အပြုအမူဖြစ်ပါသည်။

ကျွန်တော်တို့ မြန်မာလူမျိုးများ၏ ပွင့်လင်းတတ်သောစရိုက်များသည် အနောက်နိုင်ငံများ နှင့် အခြားသော တိုင်းပြည်များတွင် ရိုင်းစိုင်းသောအပြုအမူများ ဖြစ်နေတတ်ကြပေသည်။ မြန်မာလူမျိုးများသည် စကားပြော ဆိုရာတွင် စိတ်ပါလက်ပါ ဖြစ်လာချိန်တွင် စကားသံကို ထိန်းထိန်းသိမ်းသိမ်း မပြောတော့ဘဲ အသံကုန် အားရပါးရ ပြောဆိုတတ်ကြကြောင်းကို အားလုံးအသိပင်ဖြစ်ပါသည်။ အခြားနိုင်ငံများသို့ ရောက်ရှိနေကြသော လူများ ပိုသိမည်ထင်ပါသည်။ အခြားသော တိုင်းပြည် နိုင်ငံများတွင် မြန်မာလူမျိုး ငါးယောက်လောက် အိမ်ခန်းတစ်ခုအတွင်းတွင် စကားစုပြောနေကြပါက နိုင်ငံခြားသားတော်တော်များများသည် ရန်ဖြစ်ကြသည်ဟု အထင်ရောက်ကာ လာရောက်ကြည့်ရှုတတ်ကြကြောင်း မှတ်သားဖူးပါသည်။ ထိုသို့ အော်ကြီး ဟစ်ကျယ် ပြောဆိုခြင်းသည် နိုင်ငံတကာတွင်မပြုလုပ်ကြသောကြောင့် ရိုင်းစိုင်းသော အပြုအမူတစ်ရပ်အဖြစ် သတ်မှတ် တတ်ကြပါသေးသည်။ ထိုစကားပြော ကျယ်လောင်ခြင်းအပြုအမူကိုပြုပြင်သင့်ကြပါသည်။ ကျွန်တော်ကိုယ်တိုင် သည်ပင် စကားပြောဆိုရာတွင် ကျယ်လောင်တတ်ပါသည်။ ပြုပြင်နေဆဲဖြစ်သော်လည်း မအောင်မြင်သေးပါ ခင်ဗျာ။


အချုပ်အားဖြင့်ဆိုလျှင် အခြားသောနိုင်ငံများမှ ယနေ့ခေတ်အချိန်ကာလတွင် မြန်မာနိုင်ငံအား ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားမှု၊ သယံဇာတပေါကြွယ်ဝမှု၊ သဘာဝဘေးနည်းပါးမှုတို့ကြောင့် အားကျနေချိန်တွင် မိမိတို့ ယဉ်ကျေးမှုများကို စွန့်ပယ်ပြီး အခြားသောနိုင်ငံများအား မှားယွင်းစွာ အတုနေကြခြင်းကို ပြုပြင်နိုင်ကြပါစေ။ အခြားသော နိုင်ငံများ၏ ယဉ်ကျေးမှုများကို လေးစားလိုက်နာသင့်သကဲ့သို့ မိမိတို့၏ ယဉ်ကျေးမှုများကိုလည်း တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်သင့်ပါကြောင်း နှင့် ကောင်းမွန်သောအချက်အလက်များကိုယူပြီး ကောင်းမွန်သော အသိတရားများဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ကြပါစေရန် အသိပေးနှိုးဆော်ရင်းဖြင့် နိဂုံးချုပ်လိုက်ရပါသည်ခင်ဗျာ။



မှီငြမ်း

ဆရာကြီး မောင်အံ့(မဟာဝိဇ္ဇာ-ဘုံဘေ)ရေးသားသော မြန်မာ့ယဉ်ကျေးမှုနှင့် ကျင့်ဝတ်


----------------------------

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော *Myanmar Members* အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

__*Success in Steemit*__


**လေးစားစွာဖြင့်**

**Yours respectfully**

![stemit ansoe myanmar no word logo.png](https://steemitimages.com/DQmbrDKhbwMUqqDQbeiTFd4XujC23uXeKokpa7f4DCBV12v/stemit%20ansoe%20myanmar%20no%20word%20logo.png)



**ရေးသားသူ(Author) _**

## @ansoe    [(MSC 012)]( https://steemit.com/@ansoe)
## [Soe Naing]( https://steemit.com/@ansoe)


## **Myanmar Steemit Community** ![myanmar steemit community 1x1.png](https://steemitimages.com/DQmd6y978nHctv6MnHBenK6DY54Rrfx76kSNJasd3fUJUwM/myanmar%20steemit%20community%201x1.png)

**10-11-2017  သောကြာနေ့(Friday)**
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,