အလွမ်းစိတ်ကူး

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@arrowqueen·
0.000 HBD
အလွမ်းစိတ်ကူး
![heavy_rain_4864257_640.jpg](https://images.ecency.com/DQmXfEH3ASr6JLe9A4w9pMSEaycE7D3LZRCsRvaDGkgjVwi/heavy_rain_4864257_640.jpg)
[link](https://pixabay.com/photos/heavy-rain-rose-sorrow-tear-4864257/)

မိုးအေးအေးလေးမှာ စောင်ခြုံထဲကွေးရင်းနဲ့ပေါ့ ဖုန်းပွတ်နေရင်း အတိတ်တွေကို သတိရလာတယ် အဲ့သလိုနဲ့ လွမ်းတာလား ဆွေးတာလား အမည်မသိသော ဝေဒနာတွေလည်း ရင်မှာ ခံစားလာမိတယ် အတွေးစတွေကို ဖြတ်ပြီး အတင်း မေ့လိုက်ဖို့ကြိုးစားပါသေးတယ် မရပါဘူးကွယ် စိတ်အစဉ်က အတိတ်ဆီသို့သာ ထွက်ခွါလို့သွားနေတယ် 
အချိန်တွေက ကြာခဲ့ပြီ အသက်နှစ်ဆယ်ဝန်းကျင် စိတ်တွေလည်း မတည်ငြိမ်သလို ရင့်ကျက်မှုတွေလည်း ဘယ်ဆီနေမှန်းမသိသေးပေါ့ လွတ်လပ်ခြင်းကို ဘုရားတစ်ဆူလို ကိုးကွယ်နေမိတာ လူငယ်တွေရဲ့ မဟာအခွင့်အရေးလား
ဆုံတွေ့မှုတွေက ကြိုတင် ကြံစည်ထားတာတွေမဟုတ်ပါဘူး တိုက်ဆိုင်မှုတွေပါဘဲ ဒါကိုဘဲ ရှေးရေစက်လို့ ဆိုကြဟန်တူပါရဲ့ 
သူ့စကားသံတွေက အင်အားပါတယ် ခပ်အေးအေးနေတက်တာက သူ့ရဲ့စတိုင်ပါဘဲ လုပ်ယူထားတဲ့ ဟန်လုပ်စတိုင်မဟုတ် သူ့ပင်ကို ကိုယ်နေဟန်ထားကိုက အေးတိအေးစက် စကားပြောလည်း လေးလေးပင်ပင်နဲ့ တည်တည်ငြိမ်ငြိမ်ပြောတက်တယ် ပြောစကားတိုင်းကိုလည်းအလေးအနက်ထားတယ် အပြောင်အပြတ် ပေါ့လျှော့တဲ့စကား မဆိုတက်ဘူး သူ့ရဲ့ ဆံပင်ရှည်တွေကို သပ်သပ်ရပ်ရပ် ဖီးသင်ထားတယ် ဂျင်းဘောင်းဘီပွပွကို ဖက်ရှင်ကျကျ ဝတ်လို့ စပို့ရှပ်လေးနဲ့ ဆိုတော့ ကြည့်လို့ကောင်းနေတယ် အမြဲ တည်ငြိမ်တဲ့ သူ့ရဲ့ဟန် လေးနက်တဲ့စကားတွေ
စကားတွေ ပြောမိလေတိုင်း သူ့ကို မကြည့်ရဲဘူး အကြည့်စူးစူးတွေနဲ့ ဆုံလိုက်မိမှာကို ကြောက်နေတယ် 
ကိုယ့်ရင်ထဲက ခံစားချက်တွေကို ထွင်းဖေါက်လို့ ဘာသာပြန်သွားမှာကို စိတ်ပူနေမိတာ 
သူ့စကားလုံးလှလှလေးတွေနောက် လိုက်ပါအရည်ပျော်မိနေတက်ပြီလေ
လှပတဲ့ အချိန်လေးတွေပေါ့ သူရယ်ကိုယ်ရယ် အတူကြည့်တဲ့ရုပ်ရှင်တွေ အချိန်တွေက ကုန်ဆုံးသွားခဲ့ပေမယ့် သူ့စကားသံတွေက ရင်မှာ ထင်ကျန်ဆဲ 
တော်ပြီကွာ ဆက်မတွေးချင်တော့ဘူး
စိတ်တွေက မခိုင်ပါဘူး ရင်မှာ တစ်ဆို့လာမိတယ်  စိုစွတ်လာတဲ့ မျက်ဝန်းတွေကို ပုတ်ခက်ရင်း သက်ပြင်းရှည်တစ်ချက် ရှိုက်လို့ အိမ်အပြင်မှာ သဲသဲမဲလို့ ရွာနေတဲ့မိုးတွေဆီ အကြည့်လွှဲထားမိပါတယ် 
👍 , , , , , , , , , , , ,