ပယင်းမှော်မှ အောင်ဖျာလိပ်ခဲ့ပြီ
myanmar·@aungzawhtwe·
0.000 HBDပယင်းမှော်မှ အောင်ဖျာလိပ်ခဲ့ပြီ
 ပြီးခဲ့တဲ့ရက်က အခန်းဆက် ဇာတ်သိမ်းပိုင်းလေးကို အောက်မှာ ဆက်ဖတ်ပါခင်ဗျာ စာရဲ့ပထမပိုင်းကိုလဲ မဖတ်ရသေးသူများအတွက် ဖတ်လို့ရအောင် လင့်ပြန်ထည့်ပေးထားပါတယ်။ https://steemit.com/myanmar/@aungzawhtwe/pyngemwatho-eyakhsan-yakhng  နောက်ရက် မိုးလင်းတော့ အန်တီကြီးနဲ့အတူ ဈေးရောင်းဖို့ပြင်ဆင်ရတော့တယ်။ ကျွန်တော့်တို့က ဆိုင်ခန်းမရှိတော့ သူများဆိုင်ခန်းတွေ့ရှေ့မှာ မိုးကာလေးခင်းပြီး ပျံကျ ရောင်းရမှာပေါ့ ခင်ဗျာ။ ပယင်းမှော်မှာက မိုးကုတ်ဘက်ကနေ လာလုပ်တဲ့လီဆူးတွေများတယ်ခင်ဗျ။ ကျန်တဲ့တိုင်းရင်းသားတွေလည်း အစုံနီးပါးနေထိုင်ကြပါတယ်။ ကျွန်တော်နဲ့အတူလာတဲ့အန်တီက ဘာသာစကားလေးငါးမျိုးလောက် တတ်တော့ အတော်တော့ အဆင်ပြေပါတယ်။  အန်တီကြီးက ဒီမှာဈေးလာရောင်းနေတာ အတော်ကြာပြီဆိုတော့ မျက်နာသိလည်း အတော်များနေပြီဗျ။ လီဆူးနဲ့တွေ့ရင် လီဆူးစကားနဲ့ပြောပြီးနှုတ်ဆက်သလို ကချင်နဲ့တွေ့ရင်လည်း ကချင်စကားနဲ့ နှုတ်ဆက်နိုင်တာဆိုတော့ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲဗျို့။ ပထမဆုံးအန်တီကြီးဆီလာပြီး ဈေးဝယ်တဲ့အမျိုးသမီးနှစ်ယောက်က အန်တီကြီး ပြင်ဦးလွင်ထိ သွားဝယ်လာတဲ့ဆွယ်တာလာမေးတာခင်ဗျ။ ဝယ်မဲ့သူက ဈေးဘယ်လောက်လည်းမေးတာ အန်တီပြန်ဖြေတဲ့ဈေးက ကျွန်တော်တောင် မျက်လုံးပြူးသွားတယ်။  ငါးသောင်းတဲ့ဗျာ။ အဲဒီဆွယ်တာအကျီ င်္တွေက အများဈေးနဲ့တစ်ထည်မှ ရှစ်ထောင်လောက်နဲ့ဝယ်လာခဲ့ရတာ ကျွန်တော်သိနေတာပဲလေ။ ဝယ်တဲ့အမျိုးသမီးက ဈေးဆစ်တယ် လေးသောင်းလောက်မရဘူးလားတဲ့။ အန်တီက အင်တင်တင်နဲ့ အဲဒီလောက်ထိဈေးတင်မထားပါဘူးကွယ်တဲ့။ လိုချင်ရင် ဈေးဦးပေါက်မို့ လေးသောင်းခွဲနဲ့ယူသွားပါတဲ့။ အမျိုးသမီးက ဝယ်သွားတယ်ဗျ။ ဈေးဝယ်ပြန်သွားပြီးမှ အန်တီက ကျွန်တော့်ကို ပြောတယ်။ သားပါးစပ်ထဲမှာ ရှိတဲ့ဈေးပဲ အော်ပြီးရောင်းတဲ့ သူတို့သိပ်အများကြီး ဈေးခွာပြီး မဆစ်ရဲဘူးတဲ့။ ကြိုက်ပြီလေ။ ခဏနေတော့ ကျွန်တော့်ဆီ ဈေးဝယ်ရောက်လာတယ်ခင်ဗျ။ Colgate သွားတိုက်ဆေး အမှုန့်ဗူးလေး တစ်ဗူး လာဝယ်တယ်ဗျ။  ဘယ်လောက်လဲတဲ့။ ဘယ်လောက်ပြောရမလဲကို မနည်းစဉ်းစားနေရတယ်။ အန်တီဘယ်လောက်ရောင်းရမလဲလို့ မေးကြည့်လိုက်တော့ အန်တီက သုံးထောင်နဲ့ပဲရောင်းပေးလိုက်ပါသားရယ်တဲ့။ အဲဒီသုံးထောင်နဲ့ရောင်းပေးလိုက်တဲ့ ပစ္စည်းရဲ့တန်ဖိုးက မန်းလေးမှာ ဝယ်ခဲ့ရတာ သုံးရာပဲ ရှိတာဗျ။ အန်တီက သား မအနဲ့ နော်တဲ့။ ဒီနေရာ ဒီဒေသမှာ ကိုလည်းသူများဆီကဝယ်ရင် မတန်တဆပေးရတာပဲတဲ့။ အဲဒါတော့ ဟုတ်တယ်ဗျာ။ ပယင်းမှော်မှာ ရေသောက်ဖို့ ရေချိုမရှိဘူး။ တစ်လီတာ ရေဗူးလေးတွေကို တစ်ဗူးတစ်ထောင်နဲ့ ဝယ်သောက်ရတယ်။ ထမင်းတစ်ခါပြင် တစ်ပွဲကို သုံးထောင်ပေးရတယ်။ လက်ဘက်ရည်တစ်ခွက်ကို ငါးရာပေးရတယ်။ အစစဈေးကြီးတယ်။ ကို့ပစ္စည်းလည်း ဈေးတင်ရောင်းရတာပေါ့ဗျာ။ အဲဒီမှာက တစ်ထောင်တန်က အသေးဆုံးပဲဗျ။ ငါးရာတန်ပစ္စည်းဝယ်ရင် အအမ်းမရဘူး နောက်ထပ်ငါးရာတန်ပစ္စည်းတစ်ခု ထပ်ပြီး မဝယ်ချင်လည်းဝယ်ရတယ်ဆိုပါတော့။ ဆိုတော့ ကျွန်တော်လည်း ခဏလေးနဲ့ဈေးရောင်းနည်း သိသွားတယ်။ အရင်းနှစ်သောင်းတန် အကျီ င်္ ဖိနပ် တစ်ထည် တစ်ရံလောက်ကို မျက်စိမှိတ်ပြီး ရှစ်သောင်းလောက် အော်တယ် ခုနှစ်သောင်းလောက်နဲ့ဆစ် ရောင်းထည့်လိုက်တာပဲ။ အရင်း နှစ်ထောင့်ငါးရာတန် နာရီတစ်လုံးကို လေးသောင်းလောက်အော်တယ် သုံးသောင်းလောက်နဲ့ရောင်းတယ်။ ဒီလိုနဲ့ဈေးရောင်းရတာ တော်တော်ပျော်လာတယ်ခင်ဗျ ။ မဟားတရားကို မြတ်နေတာလေ မပျော်နေပါ့မလား။  ကျွန်တော်ပြောတာကို ဒီဒေသရောက်ဖူးသူတိုင်း သိကြတယ်ဗျ။ ဈေးတွေကတော့ အကုန်ခေါင်ခိုက်နေတာလေ။ ဘယ်လောက်ထိအောင် မြတ်လည်းဆို ရှစ်ထောင်လောက်နဲ့ဝယ်ခဲ့ရတဲ့ အမျိုးသားကိုင် ပိုက်ဆံအိတ် တစ်လုံးဟာ တစ်သိန်းနှစ်သောင်းအထိ ရအောင်ကို မြတ်တယ်ဗျ။ အခုလို ဈေးတွေ မတရားများနေတာကို ဝယ်သူတွေ မသိဘူးလားဆို သိတဲ့သူလည်းသိတယ်။ တစ်ချို့တောင်ပေါ်ဒေသမှာ အနေများတဲ့တိုင်းရင်းသားတွေကျ ဈေးနှုန်းတွေကို သိပ်မသိကျဘူး။ ဒါပေမဲ့ နေရာက ပိုက်ဆံရှာရတာ အင်မတန်လွယ်တဲ့နေရာ ဖြစ်နေတဲ့အတွက် တော်ယုံတန်ယုံလူက ငွေကို ငွေလို့မမြင်ကြတော့ပါဘူး။ လိုအပ်နေတဲ့ပစ္စည်းဆို နှမြောမနေပဲ ဝယ်ကြတာက များပါတယ်။ ကျွန်တော်တို့ ဈေးသည်တွေကတော့ အကြိုက်ပေါ့ဗျာ။ ဒီမှာလာရောက်ပြီး ပယင်းတူးကြတာက အပေါ်ကပြောခဲ့ပြီးသလိုပဲ တိုင်းရင်းသားတွေကများတော့ တနင်္ဂနွေတစ်ရက်ဆို အလုပ်နားပြီး ဘုရားကျောင်းတက်ကြတယ်။ အဲဒီတနင်္ဂနွေရက်ဆိုရင်တော့ ပယင်းမှော်ရဲ့ဈေးဟာ လာရောက်ဝယ်ခြမ်းသူများနဲ့ အစည်ဆုံးရက်ပါပဲ။  ကျွန်တော်တို့လို လမ်းဘေးမှာ ခင်းရောင်းတဲ့ ဈေးသည်အသေးစားလေးတွေတောင် အဲဒီရက်ဆို ငါးသိန်းခြောက်သိန်းဖိုးလောက်ရောင်းရပါတယ်။ စည်တယ်ဆိုတာကလဲ ပွဲကြနေတာပဲဗျ။ လူအုပ်ထဲမှာ လမ်းလျောက်နေရင် သွားစရာမလိုပဲ ညပ်ပါသွားလောက်အောင်အထိကို စည်ကားတာပါ။ ရောက်ဖူးရင်သိပါလိမ့်မယ်။ ပယင်းမှော်ဟာ တောကြီးမျက်မည်းထဲမှာ ရှိနေပေမဲ့ အပေါ့အပါးသွားချင်လို့ တောတိုးချင်တယ်ဆိုရင်တောင် လူသူပြတ်တဲ့နေရာအထိ သွားဖို့ဆို အနည်းဆုံးလေးငါးမိုင်ပါတ်လည်လောက် သွားရပါလိမ့်မယ်။ ဒါတောင် လူရှင်းပါ့မယ်လို့ မသေချာပါဘူး။ အသိမိတ်ဆွေရဲ့ဆိုင် သို့မဟုတ် အိမ် ရှိမထားဘူးဆိုရင် အပေါ့အလေး သွားဖို့တောင် ခဲယဉ်းတာ ကျွန်တော်ကတော့ ကိုယ်တွေ့ဗျ။ ဒီလိုနဲ့ဈေးရောင်းလာခဲ့တာ ရက်နှစ်ဆယ်လောက်ကြာလာတော့ ကျွန်တော့်ပါတဲ့ပစ္စည်းလဲ အတော့်ကို နည်းပါးသွားပါပြီ။ အရင်းရော အမြတ်ရော လေးဆယ်ကျော်လောက်ရနေပြီဗျ။ ဈေးရောင်းဖို့ခေါ်လာတဲ့အန်တီကိုလည်း တကယ်ကျေးဇူးတင်မိပါရဲ့။ တစ်ရက်ကျတော့ K I A အဖွဲ့ရဲ့လူကြီးခရီးစဉ် ရှိလို့ဆိုပြီး ကျွန်တော်တို့လမ်းဘေးဈေးသည်တွေကို တစ်ရက် အရောင်းနားခိုင်းထားတယ်ဗျ။ ကြားရတဲ့သတင်းကတော့ ဗမာ အစိုးရတပ်မတော်က စစ်ကြောင်းတက်လာတယ်ဆိုပဲဗျ။ အဲဒါ ဒီနယ်မြေမှာ ခံစစ်အတွက် ကြိုတင်ပြင်ဆင်ကြဖို့အတွက် ဒီမှာ ရှိတဲ့ K I A ရဲဘော်တွေနဲ့လာရောက်တွေ့ဆုံတာ ဆိုပဲဗျ။ အဲဒီတစ်ရက် ဈေးမရောင်းရဘူးဆိုတော့ မှော်ထဲ အနီးနားမှာ လေ့လာရေး လျောက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။  ဒီမှာ ပယင်းတူးမယ်ဆိုရင် မည်သူမဆို တူးလို့ရတယ်ဗျ။ လေးပေကျင်း တစ်ကျင်းစာကို အခွန် ငါးထောင်ပဲ ပေးရပါတယ်။ လေးပေကျင်းရဲ့ အောက်ကို ဘယ်လောက် အနက်တူးတူး ဘယ်လောက်ပဲ ချဲ့ချဲ့ ငါးထောင်ပဲ ပေးရပါတယ်။ ဒါပေမဲ့ ကျင်းထဲကထွက်လာတဲ့ ပယင်းကို အရောင်းအဝယ်လုပ်မယ်ဆိုရင်တော့ K I A ရာဖြတ်ရုံးကို ပို့ရပြီးတော့ သူတို့က အဲဒီအပေါ်ကမှ တစ်ဆင့် အခွန်ကောက်တယ်လို့ သိရပါတယ်။ လေးပေကျင်းတွေဟာဆိုရင် ဟိုးနားတစ်ကျင်းဒီနားတစ်ကျင်းနဲ့ ပွစီတက်နေတာပဲဗျ။ ကျင်းတွေကို အောက်ပေလေးငါးရာလောက်အထိ တူးကြပြီး အပေါ်ကနေ အောက်ဆီဂျင်လည်း ပေးထားပါတယ်။ ကျင်းတွေပြိုမကျအောင် ဒေါက်တွေ စနစ်တကျ သစ်တွေနဲ့ ခံထားတာလည်း တွေ့ခဲ့ရပါတယ်။ ကျင်းတစ်ကျင်းထဲ ငုံ့ကြည့်လိုက်တော့ အောက်မှာထွန်းထားတဲ့ လေးပေမီးချောင်းကို မှုန်မှုန်လေးပဲ မြင်ရတယ်ဗျ။ သူတို့တွေ လုပ်ကိုင်ရတာကလည်း လွယ်တော့ မလွယ်လှဘူးရယ်။ တော်ယုံ တန်ယုံ သက်လုံမကောင်းရင် ကျင်းထဲ အတက်အဆင်းနဲ့တင် ဒုက္ခရောက်သွားနိုင်တယ်။ ချော်ကျပြီးတော့ပေါဗျာ။ ဒီနယ်မြေမှာ တစ်ခုကောင်းတာက သူခိုးဆို လုံးဝ လက်မခံတာပါပဲ။ နယ်မြေက K I A အုပ်ချုပ်တဲ့နယ်မြေပါ။ မိမိပစ္စည်းကို အိမ်မှာသော့မခတ်ပဲ ဒီအတိုင်းထားလို့ရအောင်အထိ စိတ်ချရအောင် လုပ်ထားတာပါ။ တစ်ရက် ကျွန်တော် အဲဒီမှာ ရှိနေတုန်းမှာပဲ သူခိုးတစ်ယောက် မိလို့ အဲဒီသူခိုးကို အပစ်ပေးမှာမို့ မှော်ထဲမှာ ရှိတဲ့လူအကုန် လာကြည့်ရမယ်ဆိုလို့ သွားရပါတယ်။ .jpeg) စီရင်မဲ့နေရာမှာ လူတွေ အတော်များများရောက်နေကြပြီဗျ။ အဲဒီမှာ K I A အကြီးက ဒီနယ်မြေမှာ သူခိုးကို လုံးဝ လက်မခံကြောင်း ဒီနယ်မြေဟာ ပိုက်ဆံရှာရတာ အင်မတန်လွယ်ကြောင်းနဲ့ အလုပ်မလုပ်ပဲ သူများပစ္စည်းကို အချောင်ခိုတာလုံးဝ လက်မခံကြောင်းပြောပါတယ်။  K I A မှာ ထောင်မရှိပါဘူး။ သူတို့အတွက် အလကားနေရင်း ကျည်တစ်တောင့်ကိုလည်း မဖြုံးနိုင်ပါဘူးတဲ့။ အဲဒီသူခိုးကို ဝါးကျောနဲ့ လည်ပင်းဖြတ်ပြီး သုတ်သင်လိုက်ပါတယ်။ နောက်လူတွေ မခိုးရဲအောင်ပါတဲ့။ ဒီစနစ်ကို ကောင်းတယ် ဒါမှ နောက် ဒီလို မလုပ်ရဲကြမှာလို့ လာကြည့်သူတွေကလဲ ဆိုပါတယ်။ ကျွန်တော်ကတော့ ကောင်းတယ် ဆိုးတယ် မဝေဖန်လိုပါဘူး။ ဗဟုသုတ အနေနဲ့သာ တင်ပြခြင်းပဲ ဖြစ်ပါတယ်။  နောက် လေးငါးရက်လောက် နေတဲ့အချိန်မှာတော့ ကျွန်တော်တို့နေရာနဲ့ မလှမ်းမကမ်မှာ လက်နက်ကြီးသံ တချိမ်းချိမ်းနဲ့ ကြားရပါပြီ။ ကျွန်တော့်ပစ္စည်းလေးတွေ ကုန်အောင်ရောင်းရဦးမယ်ဆိုရင် ဒီမှာရောင်းဈေးနဲ့ဆို နှစ်ဆယ်ဖိုးလောက် ကျန်သေးတာဗျ။ ဒါပေမဲ့အားလုံး ဝရုန်းသုန်းကားနဲ့ ပြေးကြပြီလေ ပစ္စည်းတွေ ယူုပီး ပြေးရအောင်ကလည်း မဟုတ်တတ် ။ အသက်ထက်ပိုပြီး ကျန်တာက ဘာမှအရေးမကြီးတော့ ရထားပြီးသားငွေထုပ်လေးပိုက်ပြီး ပြေးရတော့တာပါပဲဗျို့။ ကျွန်တော်တို့ကမှ အရင်းရော အမြတ်ရော ရခဲ့ပြီးလို့တော်သေးတယ်။ ဆိုင်ကြီးတွေတို ပစ္စည်းတွေ ဆိုင်ခန်း ဒီအတိုင်းထားခဲ့ရတာ သိန်းထောင်ပိုင်းဆီလောက် ရင်းထားကြရမယ် ထင်တယ်။ ဒီအတိုင်းပဲ ပစ်ထားခဲ့ကြရတာ ဒီနေ့အချိန် အဲဒီနေရာကို အဝင်မခံသေးလို့လည်း သိရပါတယ်။ ဖားကန့် နေတုန်းကလဲ တိုက်ပွဲကြောင့် ပြန်ပြေးလာရဖူးတယ်။ အခုလဲ တိုက်ပွဲကြောင့် ပြေးရပြန်ပြီ။ ကျွန်တော်တို့ ကချင်ပြည်နယ်ဟာ အလုပ်လုပ်လို့ ငွေရှာလို့က တကယ်ကို ကောင်းပါတယ်။ နယ်မြေသာ အေးချမ်းနေမယ် ငြိမ်းချမ်းရေး ရမယ်ဆိုရင် အတော် ကောင်းမှာပါဗျာ။ ဘယ်နိုင်ငံ ရပ်ခြားမှတောင် အလုပ်သွားလုပ်နေစရာမလိုတဲ့ နေရာ ဒေသပါ။ အဆင်လေးပြေမယ် လုပ်လိုက် တိုက်ပွဲတွေက ထဖြစ်လိုက်နဲ့ ပညာရေး စီးပွားရေးက တစ်အားနောက်ကျရပါတယ်။ ကျွန်တော် တိုက်ပွဲတွေ မဖြစ်စေချင်တော့ပါဘူး။ အဲဒါကြောင့် နီနီခင်ဇော်ရဲ့ သီချင်းလေးနဲ့ ကျွန်တော့်စာကို အဆုံးသတ်ပါရစေ။ စစ်ပွဲတွေရပ်ကြပါတော့။ https://youtu.be/mF2iXGfT8Ws video from youtube Photos Credit >>>Google & Facebook Author>>>@aungzawhtwe MSC : 014