တိကျတဲ့ တမလွန်များ
esteem·@ayethatmon·
0.000 HBDတိကျတဲ့ တမလွန်များ
တောင်ပံတစ်စုံကို ပိုင်ဆိုင်ထားတဲ့ငှက်တစ်ကောင်ဟာ လေထဲက ပြုတ်ကျမှာ စိတ်ပူလေ့မရှိဘူး။ အတောင်ညောင်းလို့ ခဏနားတာပဲရှိတယ်။သူ့တစ်ဘဝလုံး သူ့တောင်ပံတွေကို အားကိုးယုံကြည်သွားလေ့ရှိပါတယ်။ဒါဟာ သူ့တောင်ပံတွေအပေါ် သူစိတ်ချခြင်းပါပဲ။ ငွေရှိသူတွေဟာ ငွေနဲ့ဖြေရှင်းလို့ရတဲ့အရာမှန်သမျှ ဘာကိုမှ မကြောက်ဘူး။သူကုန်ကျနိုင်တဲ့အတိုင်းအတာအတွင်းမှာ သူ့ကိုယ်သူ စိတ်ချထားလေ့ရှိတယ်။  ဆိုကြပါစို့။ ကျွန်မတို့ ဖုန်းဘေလ်လိုပေါ့...။ ဖုန်းဘေလ် တစ်သောင်း နှစ်သောင်းလောက်ရှိနေချိန်ဆို ကိုယ်အသုံးပြုတဲ့ ပမာဏအပေါ် သိပ်စိတ်မပူမိဘူး။ဖုန်းခေါ်ဆိုမှုတိုင်းအတွက် စိတ်ချလက်ချ ပြောနိုင်တယ်။ ပြောရဲတယ် ။ဒါပေမဲ့ ဖုန်းထဲမှာ လက်ကျန်ငွေ သိပ်နည်းနေချိန်ဆို ဟာ..ကုန်တော့မှာပဲ ကုန်တော့မှာပဲ ။နောက်ထပ်မဖြည့်လိုက်ဘူး ဆိုတဲ့အတွေးမျိုးက ကိုယ့်ကိုကို စိတ်မချခြင်း စိုးရိမ်ပူပန်ခြင်းတွေနဲ့ ပြည့်နှက်သွားတော့တာပါပဲ။ လူတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုက တကယ်တော့ မဖြစ်သေးတဲ့အရာတွေအပေါ်မှာပဲ ဖြစ်လေ့ရှိပါတယ်။လူတစ်ယောက် ကားတိုက်ခံရသတဲ့ဟေ့ ဘယ်အနားမှာ.ဆိုတာနဲ့ ဟာ ငါ့အမျိုးများဖြစ်နေမလားဆိုတာမျိုး၊ ဘယ်သူဆေးရုံတင်လိုက်ရသတဲ့ဆိုရင် ဟာ...သေများသွားပြီလား ဆိုတာမျိုးတွေ အနည်းနဲ့အများဖြစ်တတ်ကြပါတယ်။ မိဘတွေကိုယ့်သားသမီးအတွက် စိတ်ပူတယ်ဆိုတာ ဘာများ ဖြစ်လိုက်မလဲ။ သူ့ရှေ့ရေး အေးချမ်းပါ့မလား။ ငါ့ တာဝန်ကျေပါ့မလားဆိုတဲ့ စိတ်တွေကြောင့် စိုးရိမ်ပူပန်တာပါ။ဆရာတွေ တပည့်အပေါ် ပူပန်တာကရော.သူစာမေးပွဲဖြေနိုင်ပါ့မလား ငါ့တပည့် အောင်ပါ့မလားဆိုတဲ့စိတ်တွေကြောင့် ဖြစ်ရတာပါ။ ဖြစ်ပြီးသားအရာတွေအတွက် စိုးရိမ်ပူပန်ရတယ် ဆိုတာ မရှိပါဘူး။အရှေ့ကို ကြိုတွေးပြီးပဲ မဖြစ်သေးတဲ့ အရာတွေအတွက် စိုးရိမ်ပူပန်ရတာပဲ ရှိပါတယ်။ စိုးရိမ်ပူပန်ရတယ်ဆိုကတည်းက ကိုယ့်မှာ မရှိလို့ ၊ ကိုယ့်ပိုင်ဆိုင်တဲ့အရာနဲ့ မလုံလောက်လို့ ဖြစ်ရတာပါ။လူတစ်ယောက်ဟာ ငှက်တစ်ကောင်လို ပျံရမယ်ဆိုရင် သူ့စိတ်မှာ အနည်းနဲ့အများတော့ ပျံနေရင်းနဲ့သာ ပြုတ်ကျလိုက်ရင် ဆိုတဲ့ အတွေးမျိုး ဖြစ်မိမှာပဲလေ။ ငွေငါးသိန်းပဲရှိသူတစ်ယောက်က လက်ရှိပေါက်ဈေး ခြောက်သိန်း ခုနစ်သိန်းလောက်ပစ္စည်းကို လိုချင်တဲ့အခါ ငါ့ငွေတွေနဲ့ လောက်မှ လောက်ပါ့မလားဆိုတဲ့ စိတ်မျိုး ဖြစ်နေမှာပါပဲ။ အဲ..ငါးသိန်း ခြောက်သိန်းတန်ပစ္စည်းကို ငွေသိန်းထောင်ချီရှိနေတဲ့လူက ဝယ်မယ်ဆို စိုးရိမ်ပူပန်မှု ဖြစ်နေပါအုံးမလား။ ဒါဟာ ကိုယ်အတွက်လုံလောက်နေတဲ့အရာတွေအတွက် ကိုယ့်ကိုယ်ကို စိတ်ချခြင်းပဲ ဖြစ်ပါတယ်။ ကျွန်မတို့လူသား အတော်များများဟာ ပုထုဇဉ်တွေပီပီ စိုးရိမ်ပူပန်မှုနဲ့တော့ မလွှတ်ကင်းကြပါဘူး။ ကိုယ့်ဖက်က မလုံလောက်တဲ့အရာတွေအတွက် အနည်းနဲ့အများတော့ စိုးရိမ်ပူပန်နေတတ်ကြတာပဲ ဖြစ်ပါတယ်။ အနည်းဆုံး ကိုယ့်ဘေးနားက ကိုယ့်မိတ်ဆွေ ကိုယ့်ဆွေမျိုး အသိုင်းအဝိုင်း အပေါင်းအသင်း စသဖြင့်ပေါ့လေ အဲ့ဒီလို ကိုယ်သံယောဇဉ်ရှိတဲ့ လူတစ်ယောက် သေဆုံးသွားတဲ့အခါ ဝမ်းနည်းပူဆွေးကြတာပဲ မဟုတ်လား...။ ဒါဟာ ကိုယ့်ဖက်က သေချာတဲ့လုံလောက်မှုမရှိလို့ပါပဲ..။ ဒီဘဝမှာ မတရားဆင်းရဲမွဲတေနေတဲ့ကိုယ့်မိတ်ဆွေတစ်ယောက် သေဆုံးသွားတယ်။ သူဟာသေချာပေါက် နောင်ဘဝမှာ သူဌေး ဖြစ်မယ်လို့များ တိတိကျကျသာ သိနေမယ်ဆိုရင် သူ့အတွက် ဝမ်းနည်းနေပါအုံးမလား။ ဒီဘဝမှာ လူရိုသေ ရှင်ရိုသေ ကိုယ့်ပတ်ဝန်းကျင်ထဲက လူတစ်ယောက် သေဆုံးသွားတယ်ဆိုပါစို့ ။သူ့အတွက် လုံလောက်နေပြီ သူက သောတပန်ဖြစ်နေပြီ သဒါဂါမ်ဖြစ်နေပြီ နောင်ဘဝမှာ သေချာပါတယ် နတ်ပြည် မဟုတ်ရင် ဗြဟ္မာပြည်ကို ရောက်လိမ့်မယ်ဆိုရင် သူ့အတွက် ဝမ်းနည်းနေဖို့ လိုပါသေးရဲ့လား။  ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိက ရည်ရွယ်ချက်က သံသရာက လွှတ်ဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့မဟုတ်လား။တမလွန်ကို ကြောက်ကြတယ်ဆိုတာ နိဗ္ဗာန်နဲ့ ပိုဝေးသွားမဲ့အကြောင်းကို စိုးရိမ်ပူပန်ပြီး ကြောက်နေကြတာမဟုတ်လား။ ကိုယ့်ဖက်ကသာ သေချာလုံလောက်နေရင် နောင်ဘဝမှာ တကယ်ပဲ ကောင်းရာသုဂတိဘုံကို သွားရမယ်လို့ သေချာနေပြီးတဲ့ လူတိုင်းကတော့ သေရမှာကို မကြောက်တော့ဘူး။ အတောင်ဖြန့်ပြီး ပျံဝဲနေတဲ့ငှက်လို သူ့တောင်ပံကို သူယုံကြည်မှုရှိသွားပြီ...ငါးသိန်းခြောက်သိန်းတန်ပစ္စည်းကို ဝယ်ရမှာ ဝယ်မလေးတဲ့ သူဌေးတစ်ယောက်လို သူ့ပိုင်ဆိုင်မှုကို သူစိတ်ချသွားပြီ။ဖုန်းဘေလ်အပြည့်ဖြည့်ထားသူလို စိုးရိမ်ပူပန်မှု ကင်းကင်းနဲ့ ဖုန်းပြောနိုင်ပြီ။ ဒါဟာ သူ့ကိုယ်သူ သေချာလုံလောက်တဲ့ ပိုင်ဆိုင်မှုကို သူကိုယ်တိုင် ယုံကြည်စိတ်ချသွားလို့ပါပဲ..။ ဒါဟာ လူတိုင်း လုပ်နိုင်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ အဲ့ဒီတမလွန်အတွက် စိုးရိမ်မှုကင်းကင်းနဲ့ ကိုယ့်ပိုင်ဆိုင်မှုကို ကိုယ့်ဘာသာ တည်ဆောက်နိုင်ကြမယ်ဆိုရင် ကျွန်မထင်ပါတယ် တမလွန်အတွက် ဝမ်းနည်းပူဆွေးနေတာတွေ လျှော့ပါး လာကြမယ် ဆိုတာ.... I'm ATM. @ayethatmon SMT37 