109/110
hive-122133·@donjaun·
0.000 HBD109/110
 ဒီနှစ်ပိုင်းအတွင်း ကံဇာတာတွေ အတော်ကောင်းနေ၏။ ဘာ အလုပ်မှ လုပ်မရဘဲ ထိုင်စားနေရတာ အတော်လေး ကြာနေပြီ ဖြစ်၏။ (၂၀၂၀) နှစ်စပိုင်းကစလို့ပေါ့။ ခုတောင် (၂၀၂၁) နှစ်ကုန်ပိုင်းပင် ရောက်တော့မည်။ ငဗစ်က နားခိုင်းလိုက်၊ ငစစ်က နားခိုင်းလိုက်၊ နဂိုအခံ အပျင်းဓာတ်လေးက နားခိုင်းလိုက်နှင့် ဘာအလုပ်မှ မယ်မယ်ရရ မလုပ်လိုက်ရပေ။ အမေနှင့် အမတွေ ရှိနေလို့သာ ထမင်း မငတ်ခြင်း ဖြစ်၏။ သူတို့သာ မရှိလျှင် ခွက်ဆွဲနေရမည်ထင်။ အာဏာသိမ်းခါစ ရောဂါတွေ မထူပြောခင်ကတော့ စာလေး ဘာလေး သင်ရသေး၏။ covid တစခန်းပြန်ထ လာချိန်မှာတော့ အနှီ စာသင်သည့် အလုပ်ကလေးကလည်း တခန်းရပ်သွားခဲ့ရ၏။ online zoom နှင့် သင်မလားဆိုတော့ မသင်သေးဘူး ဆရာ ဆိုသည်နှင့် လမ်းဆုံးသွားတော့၏။ ယခင်က သင်နေကြ အဆောင်၊ သင်တန်း၊ အတူသင်နေကြ ဆရာ၊ ဆရာမ များလည်း မသင်ကြ နားကုန်ကြ၏။ ကောင်းရော။ ကိုဟင် စကား ငှားသုံးရသော် ပြင်ပသင် ဆရာ၊ ဆရာမ များအတွက် သွေးစွန်းသော နေ့ရက်များ ဖြစ်ချေတော့၏။ အဆင်ပြေရာ အခြား အလုပ်များ လုပ်ကြရင်းက မိသားစု စားဝတ်နေရေး ဖြေရှင်းကြရ၏။ ခုချိန်မှာ အိမ်ထောင်မရှိ တကိုယ်ထဲ ဖြစ်နေလို့ တော်သေး၏။ ဒီအချိန်မှာသာ သားတွဲလဲ မယားတွဲလဲ ဆိုလို့ကတော့ မလွယ်လှပေ။ လက်တွေ့ မပြောနှင့် အတွေးနဲ့ပင် ရင်မောလှ၏။  အိပ်မက်တွေလည်း ဘယ်ရောက် လို့ ဘယ်ပေါက်ကုန် သည် မသိ။ (၂၀၂၁) မှာ လုပ်မယ်ဆိုသည့် အရာလေးတွေများ သဲထဲရေသွန် ဖြစ်ကုန်၏။ လူလတ်ပိုင်း အရွယ် ကျနော်ထက် အနာဂတ် လမ်းပွင့်နေသော အညွှန့်တလူလူ ဖြစ်နေသော လူငယ်များဆို မည်သို့များ နေမည်နည်းဟု ကိုယ်ချင်းစာမိ၏။ HIVE ရှိနေလို့သာ တော်သေး၏။ HIVE သာ မရှိလျှင် စိတ်ပို လေသွားနိုင်၏။ လောလောဆယ် အဓိက ငွေဝင်လမ်းက ရပ်သွားပြီ မဟုတ်လား။ ဒုတိယ ငွေဝင်လမ်း မဟုတ်နိုင် မဖြစ်သေးပေမယ့်၊ wifi ဖိုး၊ မုန့်ဖိုး ဘာညာသာတကာတွေကို HIVE နှင့် ဖြေရှင်းလို့ ရနေလို့ တော်သေး၏။ YouTuber လုပ်ဖို့ တွေးထားပေမယ့် ခုချိန်မှာတော့ မဖြစ်နိုင် မလုပ်နိုင်သေးပေ။ ခုချိန်မှာတော့ HIVE မှာပဲ အပြည့်အဝ အာရုံစိုက်ထား၏။ power စုဖို့ပေါ့။ တချိန်မှာ power အများကြီး နှင့် အခြားသူတွေ ကို vote ပေးနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ပေါ့။