Believe (ကျတော်နှင့် ယုံကြည်မှု)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@donjaun·
0.000 HBD
Believe (ကျတော်နှင့် ယုံကြည်မှု)
![FB_IMG_1498534182631.jpg](https://steemitimages.com/DQmT5kwStw6rkwTNoEGVK2d1Toa67nFS4xEAJKXvpQ1zf8F/FB_IMG_1498534182631.jpg)

_မိမိ သိနားလည်တဲ့ ကိစ္စတခုကို လုပ်ဆောင်ဖို့ရာမှာ 
ကျတော် မလုပ်နိုင်ဘူး ထင်တယ် လို့ တွေးရင် ယုံကြည်မှု မရှိတာ။ 
ကျတော် လုပ်နိုင်တယ် လို့ တွေးရင် ယုံကြည်မှု ရှိတာ။
ကျတော်ပဲ လုပ်ရမှာပါလေ လို့ တွေးရင် ယုံကြည်မှု လွန်ကဲတာ။_

ဘယ်ကိစ္စရပ်မှာပဲ ဖြစ်ဖြစ် ယုံကြည်မှု ရှိဖို့က လိုအပ်လှ၏။ ယုံကြည်မှု နည်းလွန်း (မရှိ) တာ၊ ယုံကြည်မှု လွန်ကဲတာတွေက အမှားအယွင်းတွေ၊ ဆုံးရှုံးမှုတွေ၊ လွဲချော်မှုတွေနဲ့ ကြုံရတတ်၏။ ကျတော့်အနေနဲ့ ယုံကြည်မှုကို (၂) မျိုး ခွဲကြည့်ချင်ပါသည်။ မိမိကိုယ်ကို ယုံကြည်မှုနှင့် တပါးသူရဲ့ မိမိအပေါ် ယုံကြည်မှုပါ။ ဒီနှစ်ခုမှာ မိမိကိုယ်ကို ယုံကြည်မှု ရှိဖို့က ပိုအရေးကြီးပေသည်။ မိမိကိုယ်ကို ယုံကြည်မှု ရှိရှိ နဲ့ မှန်မှန် ကန်ကန် လုပ်ဆောင်မှုတွေကနေ အခြားသူတွေရဲ့ ယုံကြည်မှုကိုပါ ရရှိလာနိုင်သည် မဟုတ်လော။


ကျတော့် ဘ၀မှာ ယုံကြည်မှု လွန်ကဲတာ မရှိခဲ့ပေမယ့်၊ ယုံကြည်မှု မဲ့ (ယုံကြည်မှု နည်းပါး) တဲ့ အချိန် ရှိခဲ့ပါသည်။ သူငယ်တန်းကနေ ဆယ်တန်းအထိ ကျရှုံးမှု၊ မအောင်မြင်မှုကို မကြုံခဲ့ဘူးတဲ့ ကျတော် တက္ကသိုလ် ပထမနှစ် စာမေးပွဲကျပါတော့၏။ အောင်စာရင်း သွားကြည့်ကြတဲ့ သူငယ်ချင်း (၇) ယောက်မှာ ကျတော်ရယ်၊ နောက် သူငယ်ချင်း တယောက်ရယ် မအောင်မြင်ကြပါ။ ရှုံးနိမ့်မှုကို တကြိမ် တခါမှ မကြုံဖူး မမြည်းစမ်းဖူး တဲ့ ကျတော် ထိုနေ့က မျက်ရည် ကျခဲ့ရ၏။ တနေကုန် အိမ်ထဲက အိမ်ပြင် မထွက်ခဲ့။ နောက်ရက်တွေလည်း အိမ်တွင်းအောင်းပဲ လုပ်နေခဲ့၏။ လက်ရှိ တက်နေတဲ့ ကျောင်းကနေထွက်ပြီး၊ အလုပ်ပဲ လုပ်တော့မယ်လို့ ဆုံးဖြတ်မိတဲ့ အထိပင်။ ကျတော် ကျောင်းထွက်မယ် ပြောတော့ အမေ ငို၏။ သားရယ် ဆက်တက်ပါဆိုတာနဲ့ ကျတော် ဆက်တက်ဖြစ်ခဲ့၏။ သို့သော် စိတ်ကမပါတော့ပေ။ ငါ လုပ်နိုင်ပါ့မလား ဆိုသည့် သံသယလေးကလည်း ၀င်လာ၏။ ထိုစဉ်က ခံစားချက်က အလွန်အင်မတန်မှ ဆိုး၏။ လူအများက သူ့သူ နဂိုအတိုင်း သွားလာ လှုပ်ရှားနေကြသော်လည်း ကျတော့် စိတ်ထဲ၌ အရာရာသည် ကျတော့်ကို လှောင်ပြောင်နေသည်ကြသည်ဟု ထင်မြင်ယူဆနေသည်။ နောက် သင်ကြားနေသည့် ဘာသာရပ်များနှင့် ပတ်သက်၍လည်း မိမိကိုယ်ကို အယုံအကြည်မရှိတော့ပေ။ ပထမနှစ် ပြန်တက်သည့် ပထမ (၄) လလောက် မိမိကိုယ်ကို မနည်း တည်ဆောက်ရ၏။ အနှီယုံကြည်မှုသည် တန်ခိုးထွားလှပေသည်။ တန်ခိုးကြီးလှပေသည်။

![image1506061415490.png](https://steemitimages.com/DQmZSuxaMQK4jqbtq9CkYwURdodvDJVwXW12ms3kxddfRys/image1506061415490.png)

ဖတ်ဖူးသည့် ပုံပြင်လေး တပုဒ် ပြန်လည်ပြောပြလို၏။
တခါက ကျားတကောင်သည် သမင်တကောင်ကို လိုက်ဖမ်း၏။ ပြေးရင်းလွှားရင်း ချောက်ကမ်းပါး တခုအရောက် သမင်က အသက်ဘေးကြောင့် ပြေးပြေးလွှားလွှားလေး ခုန်ကျော်လိုက်၏။ တဖက်ကမ်း ရောက်သွား၏။ တဖက်ကမ်း ရောက်သွားသော သမင်က ကျားများ လိုက်လာဦးမလားဟု လှမ်းကြည့်၏။ ကျားကား လိုက်နေရင်း ချောက်ကမ်းပါး အစွန်းနားမှာ အရှိန်တန့်သွား၏။ ခပ်လှမ်းလှမ်းမှ ထိုကိစ္စကို ကြည့်နေသော မြေခွေးက ကျားကို စကားဆို၏။ ခင်ဗျားက ကျားပါဗျာ။ တောဘုရင်ပဲကို သမင်တောင် ရောက်အောင် ခုန်နိုင်တာ။ ခင်ဗျားက ဘာလို့ မရောက်ရမှာလည်း ဆို၏။ ကျားလည်း ဟုတ်သားပဲ ငါက သူပြောသလို တောဘုရင်ပဲကို ငါရောက်ရမှာပေါ့ဟု တွေးလိုက်၏။ တဖက်ကမ်းသို့ ခုန်ကူးရန် အနောက်သို့ အနည်းငယ်ဆုတ်ကာ အားယူလိုက်၏။ ထို့နောက် အားရပါးရ ခုန်လိုက်၏။ ကျား ဟိုဖက်ကမ်းသို့ မရောက်သွားပေ။ ချောက်ထဲကျကာ သေသွား၏။ ထိုအခါမှ အစောက အကြံပေးသော မြေခွေးသည် ချောက်ထဲသို့ ကုတ်ကပ်ဆင်းကာ ကျားသေသားကို သွားစားလေ၏။ 

![image1506061332381.png](https://steemitimages.com/DQmbj6aZ9dsP9dhQSqbYDzzxFmWUqJq2GVeiPtc8B7kYjnZ/image1506061332381.png)

မြေခွေးသည် အကြံသမားဖြစ်ပေမယ့် ကျားသည်သာ မိမိကိုယ်ကို ယုံကြည်မှု ရှိလျှင် ဟိုဖက်ကမ်းကို မရောက်စရာ အကြောင်းမရှိပေ။ ကနဦး ( မြေခွေး စကားမဆိုမီ ) မခုန်ခင်အချိန် ရပ်တန့်လိုက်ကတည်းက သူ့တွင် မိမိကိုယ်ကို ယုံကြည်မှု တဒင်္ဂ ပျောက်ကွယ်သွားသည်ဟု ဆိုလို့ရသည်။ မိမိ လုပ်ဆောင်နိုင်စွမ်းပေါ် သံသယ ၀င်သွားသည်ဟု ဆိုလို့ရသည်။ ထို့ကြောင့်ပင် အသက်သေဆုံးရသည်အထိ ဖြစ်သွားခဲ့ရသည် မဟုတ်လော။


မိမိကိုယ်ကို ယုံကြည်မှု ရှိဖို့ အရေးကြီးသလို တပါးသူက မိမိအပေါ်ယုံကြည်မှု ရှိဖို့ကလည်း အရေးပါလှ၏။ ကျတော် (၁၀) တန်း ကျောင်းသားဘ၀တုန်းက ကျူရှင်ချိန်ပြီးလျှင် အိမ်တန်းမပြန်ပဲ Game ဆိုင်ဝင်ပြီး TV Game ၀င်ဝင်ဆော့၏။ ကျူရှင်တော့ မတက်ပဲ မနေ ကျူရှင်ချိန်ပြီးမှသာ ၀င်ဆော့ခြင်းဖြစ်၏။ အိမ်ပြန်နောက်ကျလို့ အမေ မေးလျှင် ကျူရှင်ဆရာမက စာမပြီးလို့ သင်နေတာ အဲ့ကြောင့် နောက်ကျတာဟု လိမ်ညာပြီး ဖြေ၏။ အမေကလည်း ယုံ၏။ တရက် ကံဆိုးချင်တော့ အမေသည် ထို Game ဆိုင်သို့ ရောက်လာတော့၏။ ကျတော့်ကို လာရှာခြင်း မဟုတ်ပေ။ ထို Game ဆိုင်သည် ကုန်ပစ္စည်းများပါရောင်းသော ကုန်စုံဆိုင်တဆိုင် ဖြစ်၏။ ကျတော်တို့ အိမ်နှင့် လှမ်း၏။ ပုံမှန်အားဖြင့် ကျတော်တို့သည် လိုအပ်သော ပစ္စည်းများကို အိမ်နားရှိ ကုန်စုံဆိုင်မှာသာ ၀ယ်၏။ ဖြစ်ချင်တော့ အမေ လိုသော ပစ္စည်းသည် အိမ်နားက ဆိုင်မှာ မရှိသောကြောင့် အဆိုပါ Game ဆိုင်သို့ ရောက်လာပြီး ပစ္စည်း လာဝယ်ခြင်းဖြစ်၏။ ထိုအခိုက်မှာ အမေသည် ကျတော့်ကို တွေ့သွားခြင်းဖြစ်၏။ အိမ်ပြန်ရောက်တော့ ကျတော် အရိုက်ခံရ၏။ 

![image1506061725086.png](https://steemitimages.com/DQmUmSvHdrVdk9c3zsHMaGuq5XY9gSHYHXXSYxH9nfm2hqN/image1506061725086.png)

ထိုနေ့က စ၍ ဆယ်တန်းကျောင်းသား ကာလတလျှောက် ကျတော် Game မဆော့တော့ပေ။ ရိုက်ခံရမည်ကို ကြောက်သောကြောင့် မဟုတ်ပေ။ အမေ စိတ်ဆင်းရဲမည် စိုးသောကြောင့် ဖြစ်၏။ သို့ပေမယ့် နောက်ရက်များ၌ တကယ်စာသင် နောက်ကျသည့် အခါမျိုးမှာတောင် အမေသည် မယုံတော့ပေ။ ကျတော် Game ဆော့၍ နောက်ကျခြင်းပင် ဖြစ်သည်ဟု ယူဆလေတော့၏။ ထိုသို့ အထင်ခံရသည်မှာ တုတ်နှင့် အရိုက်ခံရသည်ထက် သာ၍ နာ၏။ မိမိ မလုပ်သည့် ကိစ္စကို လုပ်ပါသည် ဟု ပြောဆိုခဲ့ရသည်မှာ အလွန်အင်မတန်မှ ဆိုး၏။ ထိုသို့ ပြောဆိုသည့် အမေ့ အပြစ်လည်း မဟုတ်ပေ။ အမေ မယုံအောင် ကျတော်က စခဲ့သည်ကိုး။ ကျတော် ကိုယ်တိုင်က ယုံကြည်မှုကို အလွဲသုံးစား လုပ်ခဲ့သည် မဟုတ်လား။

![image1506061607074.png](https://steemitimages.com/DQmPaTAjBoEur7JTMULjHaPTiKP5puTH4nHbn2bsZoqowee/image1506061607074.png)

ကျတော်တို့သည် မျှော်လင့်ချက်နှင့် အသက်ဆက် နေကြသူများသာ ဖြစ်၏။ တနေ့နေ့ ထို မျှော်လင့်ချက်လေး ဖြစ်လာလိမ့်မည်ဟု ယုံကြည်မှုလေးနှင့် ဘ၀ခရီးလမ်း လျှောက်နေကြခြင်းပင် ဖြစ်၏။ ယုံကြည်မှု ပျောက်ဆုံးက မျှော်လင့်ချက်မဲ့သွားပေလိမ့်မည်။ မျှော်လင့်ချက် မဲ့က ဆက်လက်ရှင်သန်နေထိုင်သွားဖို့ ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် စာဖတ်သူ မိတ်ဆွေ၊ သူငယ်ချင်းအပေါင်းလည်း မိမိကိုယ်ကို ယုံကြည်သော၊ လူအများက ယုံကြည်သော လူတယောက် အဖြစ် မိမိ မျှော်လင့်ချက်၊ လူအများ၏ မျှော်လင့်ချက်များကို ဖြည့်စွမ်းပြီး သာယာပျော်ရွှင်စွာ နေထိုင်ရှင်သန်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါသည်။


# **Author : : Don Jaun**
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,