Day 1 (Final Chapter)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@donjaun·
0.000 HBD
Day 1 (Final Chapter)
![t5n9axz4v5.jpg](https://img.esteem.ws/t5n9axz4v5.jpg)

သို့နှင့် အခြား နေရာမှာ သွားအပ်လိုက်ရ၏။ ဆိုင်ကယ်အပ်ခက (၁၀၀၀) ဖြစ်၏။ အချို့ နေရာတွေမှာတော့ (၂၀၀၀)၊ (၃၀၀၀) အထိ ပေးရလေ့ ရှိ၏။ ဖွင့်ပွဲနေ့နှင့် နောက်ဆုံး နေ့မျိုးတွေမှာ ပိုပြီး ဈေးကြီး ပေးရလေ့ ရှိ၏။ အသိ အကိုတယောက် ဖွင့်ပွဲနေ့ ကားအပ်တာ (၁၅၀၀၀) ပေးရလို့ တော်တော်လေး စိတ်ပျက်ခဲ့ရသေး၏။ သူ့ ခမျာ အတော်လေး ပေါက်ကွဲနေခဲ့၏။ ပွဲကျင်းပရေး ကော်မတီက ကြော်ငြာထားသည့် ဈေးက တဈေး။ တကယ် ကောက်သည့် ဈေးက တဈေး ဖြစ်နေသည်ကိုး။ ကော်မတီက သတ်မှတ်ထားတာက ဆိုင်ကယ် (၁၀၀၀)၊ ကား (၃၀၀၀) ဖြစ်၏။

ဖွင့်ပွဲ နေ့မှာ ထို ဂယက်က တော်တော်လေး ထသွားခဲ့၏။ လူပြောလည်း အတော်လေး များသွားခဲ့၏။ နောက်ရက်မှာ ကော်မတီက အပ်နှံခ ပိုမို ကောက်ခံသည့် အပ်နှံရေး ဌာနများကို ခေါ်ယူပြီး သတိပေးခဲ့သည် ဆို၏။ ထိရောက်မှု ရှိမရှိကိုတော့ နောက်ရက်များမှာ စောင့်ကြည့်ရပေလိမ့်မည်။ ကျနော့် အမြင်မှာတော့ အောင်မြင်မည် မထင်ပေ။ လပြည့်နေ့လိုမျိုး ရက်ဆိုလျှင် သတ်မှတ်ဈေးထက်ကို ပိုပြီး ပေးရမှာတော့ အသေအချာပင်။ နောက်ဆုံးရက်ဆိုတော့ လာသည့်သူများကလည်း များသည်၊ ဒီနေ့ ပြီးလျှင် ပွဲပြီးပြီဆိုတော့ နောက်ဆုံးပိတ် အိတ်နှင့်လွယ် ရသလောက် ပိုက်ဆံ သိမ်းမည် စိတ်ကူးထားသည့် အချို့နေရာများကတော့ ဈေးပိုကောက်ကြပေလိမ့်မည်။

ဆိုင်ကယ်နှင့် အသွားများသည့် ကျနော့်အတွက်တော့ အပ်ခ အများကြီး ပေးခဲ့ရသည်ဆိုတာမျိုး သိပ်မရှိလှပေ။ ကိုယ်တိုင်ကလည်း အပ်နေကြ နေရာမျိုးတွေမှာပဲ အပ်လေ့ ရှိသည်ကိုး။ ဒါတောင် နောက်ပိုင်း နှစ်တွေမှာ လပြည့်နေ့လိုရက်မျိုး ဆိုလျှင် ဆိုင်ကယ်အပ်ခ (၂၀၀၀) ထိ ပေးရသည့် အခါမျိုးနှင့်လည်း ကြုံခဲ့ဖူး၏။ 

![z1df3t6ncx.jpg](https://img.esteem.ws/z1df3t6ncx.jpg)

ကျနော်လည်း ဆိုင်ကယ် အပ်ပြီးရော ဖွင့်လှစ်ကြောင်း ကြော်ငြာပြီးနောက် မီးရှူးမီးပန်း ပစ်လွှတ်သည့် အချိန်ကလည်း အံကိုက်ပင်။ အနီးကပ်တော့ မကြည့်ရတော့ပေ။ ကျနော့်မှာ ဖွင့်ပွဲကို ကောင်းကောင်းမှီသည်ဆိုလို့ တကြိမ်သာ ရှိဖူးခဲ့၏။ အဝေရာကွင်းမှာ ပြောင်းလဲ ကျင်းပခဲ့ပြီး ဖွင့်ပွဲများ အကြိမ်ကြိမ် ကြုံဆုံခဲ့ပေမယ့်လည်း အစ၊ အဆုံး ကောင်းကောင်း မှီတာ တကြိမ်သာ ရှိခဲ့၏။ ကျန်သည့် အချိန်များက လမ်းတဝက်မှာ တဝက်တပျက်တွေ ချည်းပဲ ဖြစ်၏။ ဖွင့်ပွဲနှင့် ကျနော်က ထိုသို့ အကျိုးပေး၏။

ထို့နောက် ပွဲထဲမှာ အရင်ရောက်နေသည့်အကို ရှာဖို့ phone ဆက်ရပြန်၏။ အရေးထဲ phone က ခေါ်မရပေ။ ပွဲတွင်းဆိုလျှင် ထိုသို့ပင်။ မီးပုံးပျံကွင်းမှာက သာပြီး ဆိုး၏။ လိုင်းမမိ၊ လိုင်းမကောင်းပေ။ phone လိုင်း တင်မှ မဟုတ် internet လိုင်းလည်း မကောင်းပေ။ အကြိမ်ရေ အတော်များများ ခေါ်ပြီးမှ phone က ဆက်လို့ ရ၏။ ဘယ်နားလည်း မေးပြီး ရှာရ၏။ လူက များတော့ phone ထပ်ဆက်ပြီး မေးမေးပြီး ရှာရပြန်၏။ phone က ခေါ်မရ၊ လူက ရှာမတွေ့နှင့် တော်တော်လေး အလုပ်ရှုပ်သွား၏။ လေး ငါးကြိမ်လောက် ကြိုးစားပြီးမှ ထိုအကို သူငယ်ချင်းတို့ အဖွဲ့ကို တွေ့၏။ ထို့နောက် ထိုနေ့ လွှတ်တင်မည့် မီးပုံးပျံများကို ကြည့်ရှုအားပေးပြီး ည (၁၂) နာရီထိုးခါနီးမှာတော့ အိမ်ပြန်လာခဲ့၏။ လွှတ်တင်ဦးမည့် မီးပုံးပျံတွေက ကျန်သေး၏။ သို့သော် အကုန်းလုံး ကုန်အောင် စောင့်ကြည့်နေမည်ဆိုပါက မနက် (၃) နာရီထိုးသွားဖို့သာ ရှိ၏။ နောက်ရက်များ ကျန်နေသေးသဖြင့် အစောပြန်လာလိုက်ခြင်း ဖြစ်၏။ နောက်ရက်များမှ ထပ်လည် ဖြစ်သည့်နေ့ရက် အတွေ့အကြုံများကို ဖောက်သည်ချပါဦးမည်။

# **Don Jaun**
**MSC 31**
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,