လုပ်ပလိုက်ပြီ
hive-122133·@donjaun·
0.000 HBDလုပ်ပလိုက်ပြီ
 ကိုယ့် အကြောင်းကိုယ်သိ ဆိုတာ ခုလို အခြေအနေမျိုး ဖြစ်ချေ၏။ ဒီရက်ပိုင်း စာ မရေးဖြစ်ပေ။ ဘာလို့ ဘယ်လိုကြောင့်ရယ် မဟုတ် ဒီအတိုင်း မရေးဖြစ်ခြင်း ဖြစ်၏။ ကျနော်က အဲ့လိုပဲ။ တခါတလေ တရက်ထဲနဲ့ ၃၊ ၄၊ ၅ ရက်စာလောက် ကြိုရေး ဖြစ်ရင်လည်း ဖြစ်ပြီး တခါတလေကျ မရေးဖြစ်တာ မျိုးလည်း ရှိ၏။ ထိုနေ့တွေမျိုးဆိုရင်တော့ ကြိုရေးထားသည့် ပိုစ့်လေးတွေကို တင်ပေါ့။ ထို့ကြောင့် ရေးချင်စိတ် ရှိနေချိန်မျိုးဆိုလျှင် ရေးနိုင်သလောက်ကို ရေးထားလိုက်လေ့ ရှိ၏။ မရေးချင်၊ မရေးဖြစ်တဲ့ ရက်တွေ ကာမိအောင်ပေါ့။ ဘောလုံး အကြောင်း ရက် ၂၀ လောက်ရေး အပြီးမှာတော့ စာရေးဖို့ အတော်လေး ပြန်စဥ်းစား ယူနေရ၏။ ရယ်တော့လည်း ရယ်ရသား။ ပြီး ခု ရက်ပိုင်းက အိမ်အောက်ထပ်မှာ အခန်းလုပ် နေသဖြင့် သိပ် မအားနေတာလည်း ပါ၏။ လုပ်တာကတော့ ပန်းရံ ဆရာတွေ လုပ်တာပါ။ ကျနော်က ဒီအတိုင်း ဟိုလိုက်ကြည့်၊ ဒီလိုက်ကြည့်နဲ့ လိုချင်တာ ဖြစ်ချင်တာလေးတွေ ပြောပြပေါ့။ ပြီး သူတို့ အတွက် သရေစာ၊ အဆာပြေ မုန့်၊ စားစရာလေး ဘာလေး လုပ်ပေးပေါ့။   ပန်းရံ ဆရာနှင့် လက်ထောက်တွေ ပေါင်း (၃) ယောက် လာလုပ်ပေးကြ၏။ အစကတော့ ကျောက်ပြား၊ hollow တို့နဲ့ ကာမယ် တွေးထားပေမယ့် နောက်ပိုင်း ပိုက်ဆံ အဆင်ပြေပါက အုတ်တက်မည် ဖြစ်သဖြင့် ခုကတည်းကပဲ နည်းနည်း ထပ်စိုက်လိုက်ပြီး တပါတည်းသာ အုတ်နှင့် လုပ်လိုက်တော့၏။ အစပိုင်းတုန်းကတော့ ကျနော် အိပ်ဖို့ အတွက် လောက်လေးသာ လုပ်လိုက်ဖို့ ဖြစ်၏။ အမေက နောက်တခန်းပါ အုတ်တက်လိုက်ဖို့ ပြော၏။ အင်း အုတ်ကလည်း အနည်းဆုံး ၅၀၀ မှာမှရယ် ဆိုတော့ အုတ်တွေလည်း ပိုနေတာနဲ့ နောက်တခန်း၏ တခြမ်းပါ တက်လိုက်၏။ ဘိလပ်မြေ၊ သဲနဲ့ ထုံးတော့ ပိုကျသွားခဲ့၏။ ထပ်ဝယ်ပေါ့။ ဒီကာလကြီး ကတော့ သိသည့် အတိုင်း စျေးတွေက ကြောက်စရာ။ အချို့ကလည်း လက်ထဲ ရှိသည့် ငွေ၏ တန်ဖိုးက မသေချာ (တဖြည်းဖြည်း ကျလာနေ) သဖြင့် ဆောက်စရာ ရှိသူတွေက စျေးကြီးလည်း စျေးကြီး ပေးပြီး ဆောက်ကုန်ကြ၏။ ကျနော်က တက်နိုင်လို့ရယ် မဟုတ်ပေ။ ဆောက်ဖို့ လိုနေလို့ကို ဆောက်ရခြင်း ဖြစ်၏။ LOA ကနေ ရသည့် လခလေးတွေ၊ အမေနဲ့ မမကြီးတို့ ထံကနေရသည့် ပိုက်ဆံလေးတွေနဲ့ လုပ်လိုက်တော့၏။ လုပ်လိုက်တော့လည်း ပြီးသွားရော မဟုတ်လား။ စျေးက ဆက်တက်နေဖို့သာ ရှိ၏။