ဖိတ်စဉ်သွားသော အာရုဏ်ဦး (ပထမပိုင်း)
myanmar·@donjaun·
0.000 HBDဖိတ်စဉ်သွားသော အာရုဏ်ဦး (ပထမပိုင်း)
 “ အမေ့မြေး မဟုတ်ဘူးလားဗျာ ။ ဘာကြောင့် ခေါ်မထားရတာလဲ ” ဦးဘတူ ပြန်သွားပြီးချက်ချင်းပင် သူစကား ဆိုလိုက်၏ ။ အပြစ်တင်စကားဆိုက ပိုပြီးမှန်ပေလိမ့်မည် ။ အမေက မျက်နှာမကောင်းစွာဖြင့် “ အမေ့မှာ ဘာအင်အားရှိလို့လဲကွယ် ခုတောင် သားညီမ နာမည်နဲ့ရတဲ့ ၀န်ထမ်းအိမ်ယာမှ နေရတာ သားအဖေ ကလည်း နားအေးပြီးရော မိုင်းတုံကနေ တောင်ကြီးကိုမှ ပြန်မလာပဲ ဖုန်းတောင်ဆက်ဖော်မရဘူး ။ သားညီမ ၀င်ငွေလေးနဲ့ပဲ လောက်အောင်သုံးနေရတာ သားရဲ့ညီကလည်း ခုထိ အလုပ်မှ မရသေးဘဲ ။ ပြီး မြေးလေးကို သူတို့ ပို့လိုက်ပြီးကြမှ အမေလည်းသိရတာ ။ ဒါတောင် ကလေးက အိမ်မလာတာကြာလို့ သွားမေးမှ သိရတာ ။ ” သူစိတ်ညစ်စွာ ခေါင်းခါလိုက်၏ ။ သမီးကို သူနှင့်ဝေးရာ သမီးအမေ(သူ့မိန်းမ)ရှိရာ ရှမ်းပြည်အရှေ့ပိုင်းမြို့တော် ဆီပို့လိုက်ပြီတဲ့ ။ ကွာရှင်းစာချုပ်မှာ လက်မှတ်မထိုးရသေးပေမယ့် လက်ရှိအချိန်မှာ သူ့မိန်းမနှင့်သူက မသက်ဆိုင်တော့တဲ့အခြေအနေ ။ မိန်းမထွက်သွားတာပဲ နှစ်ချီနေမှပဲကို ။ သူ့မှာသာ သံယောဇဉ်မပြတ်နိုင်သေးတာ ။ မိန်းမက သူ့ကို သတိရဖို့နေနေသာသာ ဟိုမှာ နောက်အိမ်ထောင်နဲ့ ကလေးတောင်ရနေပြီ ။ မိန်းကလေးတဲ့ အသက်တောင်တစ်နှစ်လောက် ရှိတော့မယ် ။ အို ဒါတွေက အရေးမကြီးတော့ပါဘူး ။ ခုအရေးကြီးတာက သမီး … သမီး ။ သမီးက ကိုးတန်းကျောင်းသူ အပျိုပေါက်လေးဖြစ်နေပြီ ။ အမေနဲ့ နေတာဆိုပေမယ့် ပထွေးဆိုသည့် စကားလုံးကြီးက သူ့ရင်ကို မီးစနဲ့ထိုးနေသလိုပင် ။ သူ့ကလေးတွေ အတွက် သူစိတ်မကောင်း ။ သူ့ရဲ့အသုံးမကျမှုကြောင့်ပဲလို့ ဆိုရမည်ပင် ။ မိတစ်ကွဲ ဖတစ်ကွဲ ဖြစ်နေသည့် အခြေအနေကြောင့် အဒေါ်အိမ်မှာနေ နေရသည့် သူ့သမီးနှစ်ယောက် ခုတော့ အကြီးက တစ်နေရာ အငယ်က တစ်နေရာ။ သူ ကြိုးစားပြီး ပိုက်ဆံရှာကာ မိန်းမ၊ သမီးတို့နှင့် ပျော်ပျော်ရွှင်ရွှင်ပြန်နေမယ်ပေါ့ ။ ဒါပေမယ့် သူ့မိန်းမ နောက်အိမ်ထောင်ပြုသွားတော့ သူ့အိပ်မက်တွေ ပျက်ပြယ်ခဲ့ရ၏ ။ သမီးတွေအတွက် သူကြိုးစားမည်။ သမီးတွေကိုတော့ သူ့အနားမှာ ခေါ်ထားနိုင်ရမယ်ပေါ့ ။ ထိုစိတ်ကူးတွေလည်းခုတော့ ……………  သူ့အကြောင်းက ထူးထူးထွေထွေ မရှိ ။ မွေးချင်း(၅)ထဲမှာ သူက (၃) ယောက်မြောက် ။ အထက်(၂) ယောက်ထဲမှာ အစ်မက အိမ်ထောင်နဲ့ ။ ဒါပေမယ့် အစ်မက မိသားစုကို ငဲ့နေရသဖြင့် အိမ်ထောင်ကျနောက်ကျ၏ ။ သူကလေးနှစ်ယောက်ရပြီး မိန်းမနဲ့ကွဲနေသည့် အချိန်မှ အိမ်ထောင် ကျခြင်းဖြစ်၏ ။ အစ်ကိုကငယ်ငယ်ရွယ်ရွယ် (၂၃) နှစ်နှင့်ဆုံး၏ ။အစ်ကိုဆုံးတော့ သူက အိမ်ထောင်ကျခါစ(၂၀)ပင် မပြည့်ချင်သေး ။ ခုသူ့အသက်ပင် (၃၅)ရှိပြီ ။ တောင်ကြီးမြို့မှာ နေ၏ ။ တစ်မိပေါက် တစ်ယောက်ထွန်းဆိုသည့်အတိုင်း သူက ဆိုးသည့်ဘက်မှာတော့ ချွန်၏ ။ အဖေက အဝေးပြေးကားမောင်းသူဖြစ်သဖြင့် သူ့ဒဏ်မှန်သမျှကို အိမ်မှာအမြဲနေသည့် အမေ့မှာခါးစည်းပြီးခံရ၏။ ဘာရယ်မဟုတ်ဘဲနှင့် အလယ်တန်းကျောင်းသားအရွယ်မှာ အိမ်မှထွက်ပြေးရန် (၂)ခါ ၊ (၃)ခါလောက် လုပ်ဖူး၏ ။ ထိုအချိန်က ဗီဒီယိုကားအများစုမှာ မင်းသားက အိမ်ကနေဆင်းသည့် အခန်းတော်တော်ပါ၏ ။ ခုချိန်ပြန်စဉ်းစားမိတော့ ရယ်စရာကောင်းလွန်းနေ၏ ။ ခပ်ပေပေ နေလိုက်သဖြင့် ကိုးတန်းစာမေးပွဲ သူမဖြေနိုင် ။ နဂို စိတ်လေနေသည့် အခံကြောင့် သူကျောင်းဆက်မတက်ချင်တော့ ။ အမေကတော့ သူအပြင်မရောက်အောင် ကြံဖန်၏ ။ ထိုအချိန်က အလယ်တန်းအောင်ပြီးလျှင် တက်၍ရသော စက်မှုလက်မှုကျောင်းရှိ၏ ။ လက်တွေ့အသားပေးသည့် သင်ကြားမှုဖြစ်သဖြင့် အမေက ဒါလည်းမခါးဟုတွက်ကာ သူ့ကို မရမကပြောဆိုပြီး ထိုကျောင်းတက်ခိုင်း၏ ။ အမေစိတ်ချမ်းသာပါစေတော့ ဆိုသည်ထက် နားငြီးသက်သာစေရန် ထိုကျောင်းကို သူတက်လိုက်၏ ။ ကျောင်းကသင်ကြားရေးပိုင်း၌ပြောစရာမလိုအောင် ကောင်း၏ ။ သူ့စိတ်ဝင်စားမှုကို သဘောကျသော ကျောင်းအုပ်ကြီးက နှစ်နှစ်ပြီး က ပညာတော်သင်လွှတ်ရန် သူ့ကိုရာထား၏ ။ သို့သော် ပညာရေးဆုံးခန်းတိုင်ရန် သူ့တွင် ကံမပါဟု ပြောရလေမလားမသိ ။ ပန်းတိုင်မရောက်ခင် ဗွေဖောက်တော့၏ ။ အပေါင်းအသင်းကောင်း၍ သူ ပျက်စီးတော့၏ ။ ဒါကအမေ့ အပြော ။ အမှန်တော့ သူကိုယ်၌ကကို ပညာရေးထက် လေလွင့်နေရခြင်း ကို ပိုမိုနှစ်သက်သဘောကျနေပြီလေ ။ ဒုတိယစာသင်နှစ်ပြီးဆုံးခါနီးမှာတော့ ကမ်းကုန်နေသည့် သူ့ကို ကျောင်းမှ ထုတ်လိုက်ရတော့၏ ။ အမေကတော့ စိတ်ညစ်၏ ။ သူကတော့ ပျော်၏ ။ လွတ်လွတ် လပ်လပ်နှင့် စိတ်ကြိုက်လေနေလို့ရပြီကိုး ။ ကိုညီထွဋ်ရဲ့ ဂျစ်ပစီမိုးတိမ် သီချင်းကိုငြီး ။ ကိုငှက်ကြီးလို အမေ့ရဲ့ ဒုက္ခအိုးလေးပေါ့လို့ပြောလိုပြောနဲ့။ အမှန်တော့ သူက ဘာအနုပညာမှ စိတ်မ၀င်စား။သူစိတ်ဝင်စားတာက စက်ပစ္စည်းတွေ ။ ဒါက လည်းယောင်ဝါးဝါးပါ ။ ဒါကြောင့်ပဲ သူကျောင်းမမြဲတာပေါ့ ။ အဖေက ကားနောက်လိုက်ရန် ပြောသောကြောင့် သူသိပ်ကြာကြာလေခွင့် မရလိုက် ။ (၂) ခေါက်(၃) ခေါက်တော့ ဟုတ်နေ၏ ။ နောက်တော့ သူ့ ၀သီအတိုင်းကြာတော့ အဖေနှင့်လည်းအဆင်မပြေတော့ ။ အဖေနှင့်သူ့အကြားနေရခက်နေသည့် အမေက သူ့ကို ကားနောက်မလိုက်ခိုင်းတော့ပေ ။ သူလည်းအရင်အတိုင်း ဝေလေလေပြန်ဖြစ်ခွင့် ရသွား၏ ။ **_ဒုတိယပိုင်း ဆက်လက်ဖတ်ရှုပါရန်...._** စာကြွင်း ။ ။ အမှန်တော့ ကျတော်သည် အဆုံးထိ ရေးသားပြီးသားဖြစ်၏။ သိပ်ရှည်လွန်းနေသောကြောင့် အပိုင်း ခွဲလိုက်ခြင်းသာ။ ၅ ပိုင်း မြောက်၌ ဇာတ်သိမ်းမည် ဖြစ်ကြောင်း ကြိုတင်ပြောကြား အပ်ပါသည်။ ကျတော်သည် သရုပ်မှန် ရေးနည်းထက် မော်ဒန်(modern) နှင့် သရော်စာ (satire) များ ရေးသားရသည်ကို ပိုမို နှစ်သက်ပါသည်။ ယခု တပုဒ်သည် ကျတော် ရေးခဲလှသော သရုပ်မှန် လက်ရာများထဲမှ တခုဖြစ်ပါသည်။ **Base on True Story** **Author : : Don Jaun**
👍 donjaun, steeminator3000, bobokyaw, komoezaw, nyinyiwin, thatkozaw, thantzin, chitnaingoo, minsoenaing, shweyaungmyanmar, myathuaung, julybrave, sheinthu, camelot, curie, velourex, meerkat, dunia, myvoter, donkeypong, analisa, brahma, calypso, anwenbaumeister, hendrikdegrote, kushed, pharesim, xeroc, krizia, hqmafa420, greatvideos, n1kofi, paulag, starrkravenmaf, gandalf, ben.zimmerman, toxichan, randyclemens, sethlinson, tjtrusty, swisswatcher, cebymaster, sstefan, decebal2dac, ourlifestory, sellergenius, beeskee, tabea, mckenziegary, ilvacca, bp423, bitrocker2020, alainite, fatpandadesign, abishai, ch00fy, stella87s, ananiani, gamesjoyce, cotidiana, locikll, cheah, marcosespes1, caweyant, palmtreetrading, arconite, steemedia, apoloo1, zellious, mondeja, ninkhisibir, blackwidow7, phenom, blakemiles84, gomeravibz, brendio, theshell, samether, michaelx, dan-bn, steem-id, nulliusinverba, kachinhenry, ansoe, mgmgkse, kyawkyawlin, gelatofresco, dpakyaw, patricksanlin, mamamyanmar, phogyan,