ကျနော်နှင့် Game (Chapter 9)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@donjaun·
0.000 HBD
ကျနော်နှင့် Game (Chapter 9)
![pic2gif_20180923_124252.gif](https://cdn.steemitimages.com/DQmQnhbk7wXvmfRPrvU4bcPqqbcYbDLU3NWpuZFrEFDPE6q/pic2gif_20180923_124252.gif)

ဤသို့ Game မှန်မှန်ဆော့၊ စာမှန်မှန် ကျက်ရင်းနှင့် ဒုတိယအကြိမ် ပြန်တက်ရသည့် ပထမနှစ်ကို ကောင်းစွာ ကျော်လွန်ဖြတ်သန်းနိုင်ခဲ့၏။ တက္ကသိုလ် ပထမနှစ်တွင် major အဓိက ဘာသာရပ်များအပြင် chemistry, physics အစရှိသည့် ဘာသာရပ်များလည်း ပါ၏။ ထို့ပြင် အခြား major တို့နှင့်သာ ရေရှည် သက်ဆိုင်သည့် ဘာသာရပ်များလည်း သင်ကြားရ၏။ (အခြေခံ သဘောတရားလောက်ပေါ့။) Drawing, Workshop အစရှိသည့် ဘာသာရပ်များ ဖြစ်၏။ တနှစ်ထိထားပြီးသော ကျနော်သည် အတန်းချိန် အများကြီး တက်စရာမလိုကြောင်းကို အစောပိုင်းက ကျနော် ပြောပြခဲ့ပြီး ဖြစ်၏။ 

ထိုကဲသို့ မတက်ရသည့် ဘာသာရပ်များထဲတွင် Drawing ဘာသာရပ် ချိန်လည်းပါ၏။ ထိုဘာသာရပ်သည် စာသင်ချိန် တပတ်တွင် (၂) ရက်ပါ၏။ စာသင်ချိန်အားဖြင့်လည်း (၂) ချိန်၊ (၃) ချိန် ဆက်တွေ ဖြစ်၏။ ထိုအချိန်များတွင် Drawing ဘာသာရပ် သင်ပေးသည့် ဆရာ ကိုယ်တိုင်က ကျနော်တို့ Repeater များကို ပုံဆွဲဖို့ မလိုကြောင်း ပြောထား၏။ မနှစ်က ကျနော်တို့ ဘယ်လို၊ ဘယ်လောက် ထိ ကောင်းကောင်းဆွဲခဲ့ကြောင်းကို ဆရာ သိ၏။ ထို့ကြောင့် ဆရာ ကိုယ်တိုင်က ကျနော်တို့ကို သက်တောင့်သက်သာ နေစေခြင်း ဖြစ်၏။ ကျနော်တို့ မေဂျာတွင် ကျနော် အပါအ၀င် repeater (၄) ယောက် ရှိ၏။ ကျနော်၏ ဂိမ်းဆော့ဖော် ဆော့ဖက်မှာ major တူ သူငယ်ချင်း တယောက်နှင့် mining major မှ သူငယ်ချင်း တယောက် ဖြစ်၏။ 

![received_367207637048102.jpeg](https://cdn.steemitimages.com/DQmdttxusXSrrzxGU1d6H7MA5igKGAuZAuiuKf2PYEX2UEm/received_367207637048102.jpeg)

တခါက Drawing ချိန် မှာ ကြုံတွေ့ရတာလေးကို ခုချိန်ထိ မှတ်မိနေသေး၏။ ကျောင်းပြန်ဖွင့်သည်မှာ တလ မပြည့်သေးပေ။ Drawing ချိန်ဆိုလျှင် ကျနော်တို့ major က mining major နှင့် တွဲသင်ရ၏။ ဆိုခဲ့သည့် အတိုင်း ကျနော်တို့က ဆွဲစရာ မလိုပေ။ ဟိုငေး၊ ဒီငေး လိုက်ယား လိုက်ယားနှင့်ပေါ့။ ဟိုဟိုဒီဒီ သွားဖို့ ပျင်းနေချိန်ဆိုလျှင် ဆရာနှင့် စကားလက်ဆုံ ပြောဖြစ်၏။ ဆရာက အသစ်တက် ကျောင်းသား၊ ကျောင်းသူ လေးများကို ရှင်းပြနေချိန်ဆိုလျှင်တော့ ကျနော်တို့က အချင်းချင်း စကားစမြည် ပြောပေါ့။ တခါတလေ ဆရာက တခြားသူကို ရှင်းပြနေလို့ မအားလျှင် ကျနော်တို့က ရှင်းပြပေါ့။ mining major မှ ကျောင်းသားလေး တယောက် ရောက်လာပြီး ကျနော်တို့ repeater များနှင့် စကားလာပြော၏။ အကိုတို့ကို အားကျတယ် ဗျာ။ အတန်းချိန်တွေလည်း အများကြီး မတက်ရဘူး။ ခုကြည့် Drawing ချိန်တိုင်း ဘယ်တော့မှ ပုံမဆွဲရဘူး။ သူ့ စကားအဆုံးမှ ကျနော်က တခွန်းထဲသာ ပြန်ပြောလိုက်၏။ အားကျရင် တနှစ် ကျခံလိုက်လေ။ ထို့နေ့ ထိုအချိန် ကတည်းက ထိုညီလေး ကျနော့်နား လုံးဝမလာတော့ပေ။ လမ်းမှာတွေ့လျှင်တောင် ပြုံးချင်ချင်၊ မပြုံးချင်ချင်နှင့်။ ကျနော်ပြောတာ ဘာများ မှားလို့လဲဗျာ နော့်။

ကိစ္စတိုင်းမှာ ကိုယ်စီ အားသာချက် အားနည်းချက် ရှိပြီးသားလို့ ကျနော် လက်ခံထား၏။ တနှစ်ထိတယ်။ အချိန်ပုပ်တယ်၊ အသက် တနှစ်ကြီးတယ်၊ ငွေကုန်တယ် ဆိုသည်ဖြင့် ဆိုနိုင်သော်လည်း ထိုကဲ့သို့ တနှစ်ထိလိုက်ခြင်းကြောင့် မိတ်ဆွေသစ်၊ သူငယ်ချင်း သစ် ထပ်ရ၏၊ သင်ခန်းစာများ ပိုမို နားလည်ပြီး ကျေညက်သွား၏၊ အနားရချိန်များ ပိုရလာ၏၊ ယခင်လောက် စာကျက်ရ၊ လုပ်ရ မခက်တော့ပေ။ အဆိုး အကောင်းဆိုတာ အမြဲ ဒွန်တွဲနေသည် မဟုတ်လား။

![received_367159270386272.jpeg](https://cdn.steemitimages.com/DQmVWWH6XkS7eYMYX7gywBqC6X1L7j8rA4trj5yBhCQc7CZ/received_367159270386272.jpeg)

သို့ပေမယ့် လူအများစု အမြင်မှာတော့ တနှစ်ထိ၊ တနှစ် မအောင်များကို လူဆိုးများ၊ စာမလုပ်သူများလို့ စာရင်းသွင်းလိုကြ၏။ (တနှစ်ကျလို့ ကျနော် မသုံးလိုပေ။ ကျနော် ပထမနှစ် မအောင်လို့ဆိုပြီး ဆယ်တန်းကို ပြန်ကျသွားခြင်းမှ မဟုတ်ပဲ။ အဘယ်ကြောင့် ကျကို သုံးရမည်နည်း။ ယခု ကျူရှင်ဆရာ ဖြစ်နေသော ကျနော်သည် ဘယ်တော့မှ ကျ ဟူသော စာလုံးကို မသုံးပေ။ ကျ အစား မအောင်ဟု သာ သုံး၏။ ဆိုလိုချင်တာခြင်း အတူတူပဲဟု ဆိုပေမယ့် ကြားရသူ၊ ခံရသူ ရင်ထဲ၌ ကျဆိုသည့် စကားလုံးထက် မအောင်ဆိုသည့် စကားလုံးက အတန်ငယ် သက်သာ၏။ စိတ်ဓါတ်ပိုင်း ဆိုင်ရာအားဖြင့်လည်း ခံသာ၏။ ယခုတတန်းကို နောက်တနှစ် ထပ်နေလိုက်ရခြင်းကြောင့် တန့်နေသည်ဟု သာ ပြောလို့ရပေလိမ့်မည်။) ကျနော် အပါအ၀င် ကျန် repeater သူငယ်ချင်းများသည် လူဆိုးများ မဟုတ်ပေ။ လူမိုက်များလည်း မဟုတ်ပေ။ ထိုစဉ်က လူအများစု၏ ကျနော်တို့ အပေါ် မြင်သော အမြင်သည် ကောင်းသော  အမြင်မျိုး မဟုတ်သည်ကတော့ အသေအချာပင်။ ယခုလည်း အတန်း စာမေးပွဲ မအောင်သူများကို လူအများစုက လူပေများ၊ လူဆိုးလေးများ အဖြစ် မြင်နေကြသေး၏။ ဤ အချက်သည် လွန်စွာမှာပဲ ဆိုးလှ၏။


_ဆက်ပါဦးမည်_

# **Don Jaun**
**MSC 31**
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,