Steemit Platform ပေါ်မှ အတွေးများ ( အပိုင်း-၈) ( Henry Aung)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@kachinhenry·
0.000 HBD
Steemit Platform ပေါ်မှ အတွေးများ ( အပိုင်း-၈) ( Henry Aung)
![henry Aung.jpg](https://cdn.steemitimages.com/DQmRrFPsdmEWKExjUV4WLnndrJ8YTMWMebAq1XZdz9KhGeY/henry%20Aung.jpg)

မင်္ဂလာပါ။ ၂၀၁၆ မှ ၂၀၁၉ အထိ Steemit Platform ပေါ်တွင် ဖြတ်သန်းလာခဲ့ သော နေ့ရက်များအား ပြန်ပြောင်း တွေးကြည့်လိုက်လျင် လွမ်းမောစရာ အပြည့် ဖြစ်နေပါသည်။ ယမန်နေ့က အနည်းငယ်အားလပ်သဖြင့် မိမိ Blog တွင် ရေးသား ထားခဲ့သော အကြောင်းအရာများအား တခုချင်းစီ ပြန်ဖတ်နေခဲ့ပါသည်။

 MSC ၏ အစဦးကာလများ အကြောင်း။ Myanmar Community ၏ Admin team များ ၊ Myanmar Cheetah ၏ လုပ်ဆောင်မှုများ စသည်ဖြင့် ။ ကျွန်တော့ Blog အား မွေနှောက် ဖတ်ကြည့်လိုက်လျင် စိတ်ချမ်းသာစရာ တခုတော့ တွေ့မိပါသည်။ ယခု အချိန်ထိ ကျွန်တော့ အနေဖြင့် မိမိအတွက်လည်း အကျိုး မရှိ သူတပါး အတွက်လည်း အကျိုး မရှိသော စာ ၊ ဆောင်းပါး များ မရေးသားမိသေးပါ။

 အတည် အတံ့ဖြစ်သော စာများ ပါဝင်သလို ၊ ဟာသနှောထားသောသရော်စာ များ ၊ မိမိဘဝ အတွေ့အကြုံ အကြောင်းရေးထားသော စာများ မိမိ၏ ထင်မြင်ချက်များ ပြန်ဖတ်မိတော့လည်း အချို့နေရာများတွင် လိုအပ်ချက်များ ရှိနေသေးသော်လည်း ကျွန်တော့ အတွက်တော့ ကျေနပ်စရာကောင်းနေပါသေးသည်။ 

Steemit Platform တွင် Post တင်ခြင်း ၏ အမြတ်မှာ မိမိစာ ၊ ဆောင်းပါးများ တနေရာတည်းတွင် တစုတစည်း တည်း ထင်ကျန်နေခဲ့ခြင်း ဖြစ်ပါသည်။ တချိန်ကြလျင် မိမိသားသမီးများအား မိမိ Blog တွင် ဝင်ရောက်ဖတ်ရှု စေခြင်းဖြင့် မိမိ ဖြတ်သန်းလာခဲ့သော ဘဝအခြေအနေများ အား သိစေနိုင်မည် ဖြစ်ပါသည်။ 

![111.jpg](https://cdn.steemitimages.com/DQmcyUbrxTencsPk3Xr8AWMC6HogieRWnQbKYVhMwLkASUc/111.jpg)

 ကျွန်တော် ရေးချင်နေသော အကြောင်းအရာ အတော်များများ ရှိနေပါသေးသည်။ မပြီးပြတ်သေးသော စင်္ကပူ အကြောင်း။ ယခုထိ သင်္ဘောကျင်းမှ မထွက်နိုင်သေး။ စဉ်စားလေ တွေးလေ ရေးစရာ ထွက်လာလေ။ ထို့ နောက် ကြိုကြားကြိုကြား ပေါ်လာသော cryptocurrency များ အကြောင်း ။

 ဗဟုသုတ အဖြစ် လေ့လာနေသော Freemason များကြောင်း ။ ရေးလက်စရေးသားစရာ အများအပြားရှိနေပါသေးသည်။ ထို့ အပြင် ကျွန်တော့ အဘိုးမှ ကျွန်တော့ အတွက် ကက်ဆက်တိတ်ခွေတခု အမွေ ပေးထားခဲ့ပါသည်။ ထို တိတ်ခွေမှာ အဘိုး ဖြတ်သန်းလာခဲ့သော ဘဝအခြေအနေများ ကျွန်တော် မသိ မမှီလိုက်သော ရှေးအမျိုးအနွယ် အဆက်များ အကြောင်း အသံသွင်းထားခြင်း ဖြစ်ပါသည်။ ထို့ အပြင် ကျွန်တော့ ဖခင်၏ နေစဉ် ဒိုင်ယာရီ ရေးသားထားမှုများ ။

 မဆလ ခေတ်တွင် ကျွန်တော့ ဖခင်မှ ပူတာအို ၊ မချမ်းဘော ၊ နောင်မွန်း ၊ ဆွမ်ပရာဘွမ်း ၊ ခေါ်ဘူဒဲ အစရှိသော မြန်မာ ပြည် မြောက်ဖျားပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရာ ကျွန်တော့ ဖခင်၏ ဒိုင်ယာရီမှာ စိတ်ဝင်စားစရာအပြည့် ဖြစ်ပါသည်။ ထိုအချိန်တုန်းက တောင်ပေါ်ဒေသခံများ ၏ အကြောင်း များ တောတောင် အကြောင်း ညအိပ် ခြေကျင် ခရီးသွားသည့် အကြောင်းများ ။

 စိတ်ဝင်စားစရာ အကောင်းဆုံးမှာ လက်ရေးတိုဖြင့် မှတ်ထားသော စာရင်းဇယားများ ။ ပူတာအို တွင် ဆန် ၆ ပြည်ဝယ် ကုန်ကျငွေ ၁ ကျပ် ၂၅ ပြား ။ ဆား ၅၀ သား ပြား ၆၀ ။ လီဆူ ရွာတွင် တညနား စားစရာ ညစာ အတွက် ပိန်းဥ ပြုတ် ဆားနှင့် တို့ စား ။ လမ်းတွင် တွေ့သော မုဆိုး ထံမှ အသားနှင့် ဆား လဲလှည်ယူ ။ ကောင်းမုလုံ စေတီရောက် အမှတ်တရ ။ စသည်ဖြင့် ရေးမှတ်ထားသည်မှာ ကျွန်တော့ အတွက်တော့ ကုန်ကြမ်း များ မနည်းမနောပင်။

![222.jpg](https://cdn.steemitimages.com/DQmZDUxpkcZWUoUqR4vwozXA71nLRoqq62zSJQr7GdZQS2N/222.jpg)

ဤ မှတ်တမ်း မှတ်ရာများတွင် ကျွန်တော့ ဖခင် ရေးမှတ်ထားသော ဖောင်ကြီး သင်တန်း မှတ်စုကပင် စာအုပ်တအုပ် ကောင်းကောင်းရေးလို့ရပါသည်။ ကျွန်တော် ရန်ကုန်တွင် ရှိစဉ် ကျွန်တော့ဖခင်အား steemit တွင်စာရေးရန် ဆွယ်တရားဟောဘူးပါသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော့ ဖခင်မှ smart ဖုန်းကောင်းကောင်း သုံးတတ်သလို Facebook အကောင့်လည်း ဖွင့်ထားပါသည်။

 လက်ရှိပင်စင်စား ကျွန်တော့ အဖေကတော့ စာရေးရန်ထက် candy crash ကစားရသည်ကို ပိုသဘောကျနေပါသည်။ ဆိုခဲ့သည့် အတိုင်း ကျွန်တော့ အတွက်တော့ စာရေးစရာကုန်ကြမ်း မပူရပါ။ စာရေးရန် အချိန်မရမည်ကိုသာ စိတ်ပူမိပါသည်။ မိမိ ဝမ်းရေး အတွက် အလုပ်ကလည်း ရှိသေးသဖြင့် အားလပ်သော အချိန်မှ စာရေးနိုင်ပါသည်။ စာရေး ရန်ကလည်း စိတ်ကြည်လင်မှု ရှိရန် လိုအပ်သလို စိတ်အား ထက်သန်ရန်လည်း လိုပါသေးသည်။

 တခါတလေ တော့လည်း စိတ်လို လက်ရခွင့် ၃ လခန့်ယူ၍ စိတ်ဝင်စားရာ အကြောင်းတခုခုအား တစိုက်မတ်မတ် ရေးသားမည်ဟု စိတ်ကူး မိပါသည်။ သို့သော်လည်း ဝမ်းရေး နှင့် နှောင်ရေးကလည်း ရှိသေးသဖြင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်သေးပါ။ Steem ဈေး Bitcoin ဈေးနီးပါးလောက် ကောင်းလာလျင်တော့ ထိုစိတ်ကူးအား အကောင်အထည် ဖေါ်ဖြစ်မည် ထင်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

![logo.png](https://cdn.steemitimages.com/DQmdxsQfEZPeBF5GymaYkMgLWH3yBPQXE5T2pkEChqcW28D/logo.png)

Photo Credit :  [Original Source](https://pixabay.com/photos/notebook-paper-page-empty-blank-731212/)
Author : Henry Aung ( Kachin )
MSC : 001
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,