နွေလတပေါင်း
myanmar·@nandasai·
0.000 HBDနွေလတပေါင်း
တစ်နေ့..ကျွန်တော်တစ်ယောက်စာရေးဖို့ဟန်ပြင်လိုက်ရင်ပဲ ခေါင်းထဲမူးနောက်လာသည်။အကြောင်းကတော့ မည်သည့်အကြောင်းရေးရမည်မစဉ်းစားတတ်တော့။အားလပ်သော နေ့လည်အချိန်လေး အကျိုးရှိစေဖို့ အသုံးချလိုသည်။ထို့ကြောင့် မိမိဖုန်းလေးကိုင်ကာ စပ်မိစပ်ရာအကြောင်းရေးဖို့ နိဒါန်းပျိုးမည်ပေါ့။
သို့သော် အာရုံက စုစည်း၍မရ။ဘယ်သို့စုစည်း၍ရပါမည်လဲ။တောင်လေများစတင်တိုက်ခတ်လာပြီလေ။မကြာမီနွေဥသြငှက်လေးများတွန်ကျူးလို့နွေလတပေါင်းသို့ရောက်တော့မည်မဟုတ်လား။နွေတပေါင်းသို့်ရောက်သည်နှင့်အညီ ပူပြင်းခြောက်သွေ့သော အရသာကိုလည်း ခံစားရတော့မည်မဟုတ်လား။စာရေးဆရာအများစုမှာလည်း နွေလတပေါင်း၏မည်မျှလွမ်းမောဖွယ်ကောင်းကြောင်းကို ရေးသားထားသည်မှာလည်း စာဖတ်သူများ သိလိမ့်မည်ထင်ပါသည်။အင်မတန် ဈာန်ခိုင်သော ပုဂ္ဂိုလ် များပင် ဈာန်မခိုင် ယိမ်းယိုင်နိုင်သည်ဟုလည်း ရေးသားထားကြပါသည်။ကျွန်တော်အထက်တန်းကျောင်းသားဘဝတွင် တပေါင်းလရာသီနှင့်ပတ်သတ် သောသင်ခန်းစာများကိုသင်ကြားခဲ့စဉ်က နွေလတပေါင်းအကြောင်း မခံစားတတ်ခဲ့။အတွေးအခေါ်နုနယ်သောအရွယ် သဘာဝအလှတရားများကိုမခံစားတတ်သော အရွယ်ဖြစ်၍လား မဆိုတတ်။ကြီးပြင်းလာသောအရွယ်ရောက်မှ ခံစားတတ်လာသည်။နွေလတပေါင်းရောက်တိုင်း လေရူးလေးလို စိတ်များ ကရောက်ကယှက်ဖြစ်ချင်သည်။
ထိုပြင်နွေလတပေါင်းသည် ခြောက်သွေ့ရာသီဖြစ်သော်လည်း သဘာဝအလှတရားများနှင့်စိုပြေလွန်းသည်။ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေသော ရာသီဆိုလည်းမမှားပါ။ရွက်ဟောင်းကြွေသော နွေလတပေါင်းတွင် အလွမ်းဓာတ်ခံရှိသူအဖို့ အတိတ်အားပြန်လည်တွေးမိပြီ အသစ်တဖန် ပြန်လည် လွမ်းကြပြန်သည်ဟုဆိုကြပြန်သည်။မှန်လိမ့်မည်ဟုလည်းထင်မိပါသည်။မိမိသည်လည်း အတိတ်အားတစ်ခါတစ်ရံပြန်လည်အောက်မေ့ရင်း လွမ်းမိသည်လည်းရှိခဲ့သည်။
နွေလတပေါင်းသည် မြန်မာပြည်သူပြည်သားတို့၏ ကုသိုလ်အလှူ ပြုကြရာ လတစ်လလည်းဖြစ်ပါသည်။မြန်မာနိုင်ငံတောင်သူဦးကြီးများသည်လည်း မိမိတို့၏ချွေးနဲစာများဖြင့် တစ်ပိုင်တစ်နိုင် အလှူ အတန်းပြုလုပ်ကြသည်။ထိုကြောင့်ကျေးလက်တောဓလေ့အလှူပွဲကြီးများမှာလည်း နွေလတပေါင်းအလှကိုပိုမိုပြည့်စုံစေခဲ့သည်။
ထို့ပြင် နွေလတပေါင်းရာသီထဲတွင် ရာသီပွဲတော်များလည်း ရှိပါသေးသည်။တပေါင်းလပြည့်တွင်ကျင်းပသော တပေါင်းဘုရားပွဲတော် မှာလည်းစည်ကားသိုက်မြိုက်လွန်းလှသည်။အနယ်နယ်အရပ်ရပ်မှ ဘုရားစေတီများတွင် ဗုဒ္ဓပုဇရိ ဘုရားပွဲတော်များကျင်းပကြသည်။စာရေးသူနေထိုင်ရာ ရွှာနံဘေးတွင်လည်း သမိုင်းဝင်မြတ်စောညီနောင်စေတီတော်နှစ်ဆူရှိပါသည်။ထိုဘုရားတွင်လည်း နှစ်စဉ်တပေါင်းလဆန်း ၁၁ရက်နေ့မှစ၍၁၅ရက်နေ့ထိ ၅ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာကျင်းပကြပါသည်။ထိုဘုရားပွဲတော်သို့ လာရောက်ကြသော တောသူတောင်သားတို့၏ ဓလေ့မှာလည်း စိတ်ကြည်နူးဖွယ်ကောင်းပါသည်။တချို့ကျ နွားလှည်းများဖြင့်လာရောက်ကြသည်။အနည်းငယ်အလှမ်းဝေးသော သူများလည်း ညရေးညတာတည်းခို၍လာရောက်ကြသည်။ထိုပွဲတော်တွင် တောသူတောင်သားတို့၏ အားထားရဆုံးသောပွဲတော်တစ်ခုလည်းဖြစ်ပါသည်။လှည်းပြိုင်ပွဲ၊ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ရိုးရာလက်ဝှေ့ပြိုင်ပွဲများလည်းပါဝင်သည်ဖြစ်၍ အနယ်နယ်အရပ်ရပ်မှ လူမျိုးများလည်းစုံလင်လွန်းပါသည်။နွေလတပေါင်း၏အပူချိန်ကိုမမှုဘဲ စည်ကားသိုက်မြိုက်စွာလာရောက်ကြသော တောသူတောင်သားတို့်၏ချစ်စဖွယ်ထုံးတမ်းစဉ်လာကိုလည်း တပေါင်းလ ရာသီတွင် တွေ့မြင်ကြရမှာလည်းဖြစ်ပါသည်။
စာရေးသူသည်လည်း တစ်ခါတစ်ရံ နွေတပေါင်းတို့ရောက်သည်ဆိုလျှင် မည်သည်ကိုလွမ်းလို့ လွမ်းရသည်မသိနိုင်ဖြစ်ရပါသည်။မိမိနေထိုင်ရာ ပတ်ဝန်းကျင်အား ငေးမော၍ လွမ်းသည့်စိတ်များက အလိုလိုပေါက်ဖွားလာသည်။သစ်ရွက်ခြောက်များ ကြွေလွင့်နေသော လမ်းပေါ်တွင် မိမိကိုယ်မိမိ အထီးကျန်သည့်ပမာ ထင်ယောင်စေသည်။
ထိုအပြင် နွေလတပေါင်းသို့ရောက်လာလျှင် ကျောင်းသား ကျောင်းသူများအားလုံးလည်း နွေရာသီကျောင်းပိတ်ရက်ရှည်ကာလဖြစ်ပါသည်။နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်မောင်မယ်လေးများအားနေ့လည်နေ့ခင်း အားလပ်ရက်ချိန်ဗဟုသုတရစေရန် လူကြီးသူမများက ဆိုဆုံးမစကားပြောလေ့ရှိကြပါသည်။နွေလေပူတို့တိုက်ခတ်လေ့ရှိသော နေ့လည်နေ့ခင်းတွင် အရိပ်အာဝသကောင်းမွန်သော သစ်ပင်ရိပ်အောက်များတွင် ကွပ်ပျစ်ထိုးကာ စုရုံးနေတတ်ကြသည်။နေကွင်းပြင်တွင် တံလျပ်များလှုပ်ခတ်သည်အထိ ပူပြင်းသော နွေရာသီသည် ကျွန်တော့်စိတ်ကို လွမ်းမောစေသည်။မြစ်၊ချောင်းအင်းအိုင်များခန်းခြောက် စပြုနေသောဤကာလတွင် တံငါသည်များအတွက် ဝမ်းစာရှာဖွေရန်ကောင်းသောအချိန်ပင်။နေပူမရှောင် မိုးရွှာမရှောင်ဆိုသည့်အတိုင်း တံငါသည်များလည်း မိမိတို့ဝမ်းစာအတွက် လှေငယ်တစ်စီးဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရသည်။မြစ်ချောင်းအလယ် လှေငယ်လေးဖြင့် ပိုက်ကွန်များအဖော်ပြုကာ ဝမ်းရေးအတွက် ရှာဖွေနေသော တံငါသည်များသည် လည်း နွေလတပေါင်း၏ပန်းချီကားတစ်ချပ်ပမာထင်ဟပ်စေပါသည်။ကျွန်တော်ထင်မိပါသည် နွေလတပေါင်းရာသီသည် စာဖတ်သူတို့၏ ရင်ထဲကိုတစ်မျိုးတစ်မည်ပြောင်းလဲစေမည့် ရာသီတစ်ခုဖြစ်လိမ့်မည် ဆိုသည်ပေါ့။ကျွန်တော်(စာရေးသူ)၏ရင်ထဲတွင်တော့ နွေလတပေါင်း၏အငွေ့အသက်များကြောင်း လွမ်းမောမှု့အပြည့်များဖြင့်သာ။
Author by @nandasai(MSC.076)
Photos from Google image
👍 nandasai, anomaly, curx, cheneats, caesarsupaimin, thithisann, kolinn, tharpauk, myanmarkoko, zawmyotun, htinyarsai, soelinaung, konyi, khayae, zzawzawhtwe, sawlwin, komoezaw, thettinaung, zayarch, jerrybanfield, camelot, curie, liberosist, meerkat, locikll, jasimg, cryptokrieg, hendrikdegrote, markangeltrueman, aboutyourbiz, howtostartablog, coolguy123, spectrums, anwenbaumeister, emanuellindqvist, slickhustler007, pacokam8, tensor, ethanlee, kushed, lenin-mccarthy, crimsonclad, ausbitbank, coloringiship, gohba.handcrafts, rayken04, musicayfarandula,