အောင်မြင်သူတို့လမ်းစ
myanmar·@nandasai·
0.000 HBDအောင်မြင်သူတို့လမ်းစ
သြော် ဆောင်းရာသီ ဆောင်းရာသီ အေးချမ်းရမည့်ရာသီဖြစ်သော်လည်းမအေးချမ်းဘဲပူအိုက်နေပါပေါ့လား။ရာသီဥတုများလည်းဖောက်ပြန်နေပြီ။ကမ္ဘာကြီးလည်းယိုယွင်းပျက်စီးနေပါပြီ။ညဆို တော်တော်နှင့်အိပ်မရ ပူအိုက်လွန်း။ညရောက်တိုင်းအအေးထိုင်သောက်နေတတ်တာအကျင့်တစ်ခုလိုဖြစ်နေပါပြီ။
တစ်ညအအေးဆိုင်ထိုင်ရင်း ကျွန်တော့်ဆီ ဖုန်းဝင်လာပါတယ်။
"ဟဲလို ဟုတ်ကဲ့ပြောပါ"
"ငါပါကွ ရန်အောင်ဟိန်းပါ မင်းစည်သူမဟုတ်လား"သြော်သိပြီကျွန်တော့်သူငယ်ချင်းလိုလည်းဖြစ်အကိုလိုလည်းဖြစ်တဲ့ သူဆီကဖုန်း။
"အေး ဟုတ်တယ်လေကွာ ဒါနဲ့မင်းဘယ်ရောက်နေတာလဲ အဆင်ရောပြေရဲ့လားကွ"
"အေး ပြေတယ် ငါအခု နှစ်ဆောင်ပြိုင်မှာလေကွာ ပြင်ဦးလွင်မှာ ၁လပဲကြာလိုက်တယ် အခုပြန်ရောက်နေပြီ ငါလည်းမင်းဖုန်းနံပတ်ရှာလိုက်ရတာမောလို့ကွာ ပြန်ရောက်လာတုန်းလေး ဆုံရအောင်လို့ဖုန်းဆက်လိုက်တာမင်းအားလား မနက်ဖြန်ည"
"ဒါမျိုးကျတော့ သိပ်အားတာပေါ့ကွာ ဟဲဟဲ နေရာရွေးလိုက်"
"Ok မနက်ဖြန်ည၇နာရီလောက် ကမ္ဘာသစ်ဆိုင်မှာစောင့်နေလိုက်လေငါလာခဲ့မယ်"
"Ok စောင့်နေမယ် see u"
စားပွဲသောက်ပွဲနဲ့တော့တွေ့ပြီပေါ့။ဒါမျိုးဆိုလက်နှေးလို့ရမလား။ငယ်ငယ်ကပေါင်းလာသော ကျွန်တော့်သူငယ်ချင်း အစ်ကိုတစ်ယောက်လိုဆိုလဲမမှားပါဘူး။အခုတော့ တပ်ကြပ်စာရေးကြီးဖြစ်နေပြီ။နိုင်ငံတာဝန်ထမ်းဆောင်နေလို့ပါလား။ကိုယ်တွေကတော့အိမ်အလုပ်နဲ့တင်ပိနေတာ။သောက်လက်စအအေးလေးကိုဆက်သောက်ရင်း ဆေးလိပ်လေးမီးညှ်ိလိုက်တယ်။သူဖုန်းဆက်မှပဲကျောင်းနေစဉ်ကအကြောင်းလေးတွေပြန်တွေးဖြစ်တော့တယ်။
သူနဲ့ကျွန်တော်နဲ့ကတရွှာတည်းနေတရေတည်းသောက်နေလာခဲ့ကြတာပါ။သူငယ်ချင်းလိုသာပြောကြတာ သူကကိုယ့်ထက်၂နှစ်ကြီးတယ်။ကျောင်းသွားကျောင်းပြန်တော့အတူတူပဲပေါ့။သူက ဆင်းရဲနွမ်းပါးလွန်းတယ်။မိဘနှစ်ပါးကလည်းရှိသမျှလေးနဲ့ကျောင်းထားပေးရှာတာပေါ့။ကျောင်းသွားရင် ထမင်းထုပ်မပါဘူး။ထမင်းချိုင့်မဝယ်နိုင်ရှာပါဘူး။တခါတလေ နေ့လယ်ထမင်းစားကျောင်းဆင်းရင် ကျွန်တော့်ဆီလာလာစားတာ။ကျွန်တော်လည်းပိုပိုထုပ်သွားတာပေါ့။မုန့်ဖိုးကျတော့ မရတနေ့ ရတနေ့ပေါ့။မရသည်ကများပါသည်။ဒါကကျွန်တော်ပိုပြီးရေးသားထားခြင်းမဟုတ်ပါ။သူနဲ့က အတူတူပေါင်းပြီးကြီးပြင်းလာတာဆိုတော့ အတွင်းကျကျသိနေပြီပေါ့။ပြီးတော့လူက ကျန်းမာရေးသိပ်မကောင်းဘူး။မိုးနည်းနည်းရွှာတာနဲ့ ပန်းနာရင်ကျပ်ကထလာပြီ။အခု တပ်ကြပ်စာရေးဖြစ်နေတာကို အံ့သြလို့မဆုံးပါ။
ဒီလိုနဲ့ သူကဆယ်တန်းရောက် ကျွန်တော်က ရှစ်တန်းနှစ်မှာပေါ့။သူအိမ်ကလည်းစီးပွားရေးအဆင်မပြေရှာတော့ မိဘများကလည်းကျောင်းထားနိုင်ရုံပဲထားပေးခဲ့ကြပါတယ်။တစ်ခါက ဆရာမကသူ့ကိုသတိထားမိလာတယ်။သူ့လက်မှာခြင်ကိုက်ရာတွေတွေ့တော့မေးလိုက်မိတာပေါ့။ဘာလို့ခြင်ထောင် ထောင်မအိပ်လဲခြင်ကိုက်ရင်ရောဂါဖြစ်တယ်မသိဘူးလား ဆူပါရော။သူကလည်း လိမ်ညာမနေဘဲ ခြင်ထောင်မရှိလို့ပါဆရာမတဲ့။ဆရာမလည်းတော်တော်သနားသွားတယ်ထင်ပါတယ် နောက်တနေ့ခြင်ထောင်အသစ်လေးယူလာပေးရှာပါတယ်။သူကမရှိမဲ့ရှိမဲ့လေးနဲ့ကျောင်းတက်နေရပေမဲ့လို့ စိတ်ဓာတ်တော့မကျဘူးဗျ။စာတော့တော်တော်စိတ်ဝင်တစားနဲ့ကြိုးစားပါတယ်။ထိုခေတ်တုန်းကကျူရှင်ဆိုသိပ်မရှိသေးပါဘူး။ပိုက်ဆံတတ်နိုင်တဲ့ကျောင်းသားတွေကျတော့ ကျူရှင်တက်ကြတာပေါ့။
ကံကောင်းတယ်လို့ဆိုရမလား။ဆရာတစ်ယောက်ကသူ့ဘဝအကြောင်းနားလည်ပြီး သူ့ကိုအခမဲ့သင်ပေးခဲ့ပါတယ်။ထိုဆရာကလည်းတော်တော်ကောင်းရှာပါတယ်။သူ့အိမ်မှာပဲနေခိုင်းပြီး သင်ပေးပါတယ်။နောက်ဆုံးစာမေးပွဲဖြေတော့ သူ့မိဘတွေလိုက်မကြည့်နိုင်ပါဘူး။စားဝတ်နေရေးအတွက်လုံးပန်းနေနေခဲ့တာပါ။အိမ်မှာက သူ့ညီမသုံးယောက်တောင်ရှိသေး။လူမမည်သေးတဲ့အငယ်ဆုံးညီမနဲ့ ၅တန်းကျောင်းသူတစ်ဦး။နောက်တစ်ယောက်ကတော့ ကျောင်းထွက်ပြီးမိဘဝိုင်းကူလုပ်ရတာပေါ့။
ဆယ်တန်းဖြေပြီး အိမ်ပြန်ရောက်တာနဲ့ မိဘနှင့်အတူ အလုပ်ဆက်လုပ်ရပါတယ်။သူ့ဘဝလေးကတော့အရမ်းကိုကြမ်းတမ်းလွန်းခဲ့ပါတယ်။မိဘများက ဆယ်တန်းမအောင်ရင် လယ်အလုပ်ပဲခိုင်းတော့မယ်မထားနိုင်တော့ဘူးပဲပေါ့။ဆယ်တန်းအောင်စရင်းလည်းထွက်ရော မိဘများမထင်မှတ်ထားတဲ့ရလဒ်ကို တွေ့ခဲ့ရပါတော့တယ်။မိဘများက မအောင်လောက်ဘူးပဲတွေးခဲ့မိကြတာပေါ့။ဒါပေမဲ့ သူ့ကြိုးစားမှုနှင့်အတူကံကောင်းထောက်မစွာနှစ်ချင်းပေါက်အောင်မြင်ခဲ့ပါတယ်။ကျွန်တော်တို့လည်းဝမ်းနည်းဝမ်းသာနဲ့မျက်ရည်တောင်ကျခဲ့မိတယ်။
ဆယ်တန်းလည်းအောင်ရော အလုပ်တန်းရှာပါတော့တယ်။သူ့အဖေအသိတစ်ယောက်ရဲ့အဆက်အသွယ်ဖြင့် စစ်ဘက်ဆိုင်ရာဌာနမှာ စာရေးအလုပ်ရခဲ့ပါတော့တယ်။အငယ်တန်းစာရေးမှနေ၍တပ်ကြပ်စာရေးဖြစ်တဲ့အထိအောင်ပါပဲ။အခုဆို သူ့လစာလေးနဲ့ အိမ်က
ကျောင်းတက်နေသောသူ့ညီမလေးဆီကိုထောက်ပံ့နိုင်ခဲ့ပါတယ်။ဒါတွေဟာသူ့ရဲ့ကြိုးစားအားထုတ်မှု့ရလဒ်တွေပဲမဟုတ်လား။ဘဝကိုအရှူံးမပေးဘဲရင်ဆိုင်သွားတာဘယ်လောက်အတုယူဖို့ကောင်းလဲဗျာ။စိတ်ဓာတ်သာခိုင်မာနေပါစေ။ဘယ်လိုအခက်အခဲပဲရှိရှိ ကျော်ဖြတ်နိုင်မှာပါ။ဘာမှမလုပ်ရသေးခင်စိတ်ဓာတ်ကျနေရင်တော့ သေချာတယ် ရှုံးနိမ့်မှာပဲ။သူ့လိုစိတ်ဓာတ်လေးဟာ အတုယူအားကျဖို့အရမ်းကောင်းပါတယ်။အခုဆို သူက တပ်ကြပ်ကြီးစာရေးဖြစ်နေပြီ။သူ့သမိုင်းသူကောင်းအောင်ရေးသွားခဲ့ပြီလေ။"ဂုဏ်ယူပါတယ်ကွာ" လို့စိတ်ထဲပြောနေမိတော့တယ်။
"အကို အကို ဘာထပ်မှာဦးမလဲဗျ "စားပွဲထိုးကောင်လေး လာမေးမှ အတွေးစကပြတ်သွားတော့သည်။ "ဘာမှမမှာတော့ပါဘုးကွာ ရပါပြီ"ကျွန်တော်လည်း အအေးဖိုးရှင်းပြီးဆိုင်ထဲမှထလာခဲ့ပါတော့တယ်။စိတ်ထဲတွင်မူမနက်ဖြန်ညတော့ရှေးဟောင်းနှောင်းဖြစ်လေးတွေပြန်ပြောကြရင်း အတိတ်ကိုခဏလောက်ပြန်သွားချင်မိဦးမှာပါပဲလေဟူ၍။
Author by nandasai(msc.076)
Photos from google image

👍 maznov, chagorskij, emashowa, optina, kiribatty, andrees, sweetnina, nastiagrosch, znamenskayav, danegev, semimeev, kachinhenry, kyi, htinlinaung, ansoe, htunminzaw, asterkame, konyi, domelay, htetwaihin, yethihakyaw, nandasai, camelot, curie, liberosist, meerkat, owner99, anwenbaumeister, hendrikdegrote, dante31, randyclemens, kevinwong, ewuoso, erangvee, kushed, pharesim, rayken04, oleg326756, phunke, benedicamillius, arconite, tinhlaingoo, tunnaingwin, patricksanlin, myintoo,