ကိုဗစ်နဲ့ ကျွန်တော်
hive-122133·@princekham·
0.000 HBDကိုဗစ်နဲ့ ကျွန်တော်
 အားလုံးမင်္ဂလာပါ။ ကိုဗစ်ကတော့ အရင်ကတော့ ကိုယ့်နားဖြတ်သွားဖြတ်လာလောက်ပဲ ထင်ပါတယ်။ ဒီရှေ့ အပါတ်မှ အိမ်ကို ရောက်လာပါတော့တယ်။ ရှေ့ဆယ်ရက်တုန်းက အိမ်ကို ညီမဝမ်းကွဲကမုန့်လာတော့ အဒေါ်လဲပါလာတယ်။ အဒေါ်ကတော့ mask တပ်ထားပါတယ်။ သူက ရှေ့ ၄ရက်တုန်းက ပုသိမ်ဘက်က ပြန်ရောက်တာ၊ ပြန်ရောက်ပြီးချောင်းတွေဆိုးပေါ့။ အိမ်လာတဲ့ချိန်ထိ ကိုဗစ်မှန်းမသိသေးဘူး၊ ခရီးပင်ပန်းတာကြောင့်နေမှာ ဆိုပြီး အမေနဲ့ စကား ပြောဖြစ်တယ်။ နှစ်ယောက်စလုံးက mask နဲ့ပဲ၊ အဒေါ်က ကားပေါ်က တစ်ခြားတစ်ဘက်ခြမ်း၊ အမေက ဒီဘက်ကားပြတင်းပေါက်ကနေစကားလှမ်းပြောတာလောက်ပဲ ရှိတာ။ နောက်တစ်ရက်တော့ အဒေါ်တို့က သူ့ကိုသူ မသင်္ကာလို့ထင်တယ်၊ စစ်ကြည့်တော့ သားအမိ နှစ်ယောက်စလုံး ပေါ့စတစ်။ ဒီက သတင်းကြားတော့ အချင်းချင်း ခွဲနေကြရင်း အမေက ချောင်းဆိုးလာတာနဲ့ စစ်မယ်ဆိုပြီး စစ်ကြည့်တာ အိမ်သားတွေထဲမှာ အမေတစ်ယောက်ပဲ လိုင်းနှစ်လိုင်းပေါ်တော့ ပေါ့စတစ်ပေါ့။ အဲဒါနဲ့ ဆရာဝန်ခေါ်ပေါ့၊ အိမ်တိုင်ရာရောက်ကြည့်ပေးတဲ့ ဆရာဝန်ရှိတော့ အဆင်ပြေသွားတယ်။ ကာကွယ်ဆေးထိုးထားလို့တော့ ထင်တယ် ချောင်းဆိုးတာကလွဲပြီး တခြားပြင်းပြင်းထန်ထန် ခံစားရတာမရှိနေဘူး။ ကုသမှုကို ငါးရက်ခံယူရမှာပါ။ ဒီနေ့ကတော့ သုံးရက်မြောက်ပြီ။ အခြေအနေတော့ ကောင်းနေပါတယ်။ အောက်စီဂျင်မကျဘူး၊ ဆီးချို အစောက နဲနဲ တက်တယ်ဆိုပေမယ့် ဒီမနက်မှာ မှန်နေတယ်။ အမေကတော့ အဒေါ်နားက ကူးတာလား၊ အိမ်သား တစ်ယောက်ယောက်ဆီက ကူးပြီး၊ ပိုးသယ်လာတဲ့ အိမ်သားကပဲ ပြန်ကောင်းသွားတာလား သေချာ မသိပါ။ အမေနဲ့ အဒေါ် စကားပြောတာ အမေက ကား အပြင်ဘက် အဒေါ်က ကားပေါ်မှာ ကျွန်တော်တို့ အိမ်က ကုန်းပေါ်ဆိုတော့ လေကတိုက်၊ တိုက်တဲ့လေက အဒေါ်ဘက်ကလာတာ ဖြစ်ဖို့များတာမို့ mask တပ်ထားပြီး လဲ အဲလိုကနားကူးတာလား။ ဘယ်လိုကူးလဲ အတပ်မသိပေမယ့် ကျန်တဲ့သူတွေထပ်မကူးအောင် သေချာကာကွယ်ရမှာပါ။ ရှေ့ရက်တုန်းကပဲ မန္တလေးကရောက်နေတဲ့ အကိုက ပြောနေသေးသည်။ ကိုဗစ်က အားလုံးဖြစ်ကြမှာပဲ တဲ့။ သူကတော့ ကိုဗစ်ဖြစ်ပြီးပြီဆိုတော့ ပြောအားရှိသည်။ အဆိုးလဲ မြင်နိုင်လှသည်။ အဲဒါကြောင့်လဲ အကောင်းမြင်ပြီး ကောင်းတာလေးပြောဖို့ ပြောပြောနေရသည်။ ဦးနှောက်နှင့် အလွန်တွက်တတ်သည်၊ ကိုယ်က နှလုံးသား သမားမို့ တစ်ခုခုလိုအပ်တယ်ထင်ရင် လိုအပ်သလို လုပ်တတ်ပေမယ့်၊ သူတို့ လိုဦးနှောက်နဲ့ တွက်တဲ့ သူကတော့ မသိသလို နေနိုင်တတ်ကြသည်။ ကျွန်တော်ကတော့ ကို ဗစ်ဝင်ပြီးပြီလား မဝင်သေးတာလားတော့မသိ၊ ရှေ့ပိုစ်မှာရေးထားမိခဲ့သလိုပဲ နေ့တိုင်း တရားထိုင်တဲ့ အချိန်မှာ နှာသီးလေထိတဲ့ နေရာမှာ စိတ်ကို စိုက်ထားမိပြီးထိုင်ရင် မကြာခင်မှာပဲ ခန္ဒာကိုယ်က ပူနွေးလာပြီး နေမကောင်းရင် နေသာထိုင်သာ ဖြစ်သွားပါတယ်။ ကိုယ်ကိုတိုင်လဲ အာဟာရပြည့်အောင်စားတာကြောင့်လဲ ပါပါလိမ့်မယ်။ တရားထိုင်တာကတော့ ဂဏနာရေတွက်တဲ့ နည်းစနစ်ကို သုံးတာပါ။ မိတ်ဆွေတို့လဲ လောကုတ္တရာ အတွက် မဟုတ်ရင်တောင် ကျန်းမာရေးအတွက် တစ်ရက် မိနစ်အနည်းငယ်ခန့် အားထုတ်ကြည့်စေချင်ပါသည်။ ငဗစ်ကတော့ ရှိနေဦးမှာပါ၊ သူကြောင့်မို့ စီးပွားမလုပ်ရဆိုရင်လဲ မဖြစ်၊ ဆိုတော့ နည်းလမ်းလေးတွေရှာရဦးမည်၊ ရှာလဲ ရှာနေကြပါတယ်။ နောက်ပိုင်း သင်တန်းလို ဖွင့်ချင်ရင်တောင် online ပဲ အမြဲလုပ်နေရမှာလား။ နည်းလမ်း ကိရိယာတွေ ရှာကြံရပေဦးမည်။ ကျွန်တော်တို့ ဒီငဗစ်ကို ရင်ဆိုင် ကျော်ဖြတ်သွားကြမည်ဟု ယုံကြည်ပါသည်။ အားလုံး ကျန်းမာရေး ဂရုစိုက်ကြရန် ပြောရင်း ဒီမှာပဲ ခဏနားပါဦးမည်။ ကျေးဇူးတင်ပါတယ်။ @princekham 22nd Feb 2022