မျှော်လင့်ခြင်း မနက်ဖန်များစွာ
esteem·@thanttunsoe·
0.000 HBDမျှော်လင့်ခြင်း မနက်ဖန်များစွာ
 “ မျှော်လင့်ခြင်း မနက်ဖန်များစွာ " ------------- 'အို,,,,, မျှော်လင့်ချက်' တဲ့လား? ကျွန်တော်တို့ သွားနေတဲ့ခရီးမှာ အရောက်ချင်ဆုံး ဘူတာဟာ 'မနက်ဖြန်' ပါဘဲ ။ သစ်ရွက်တွေ ဘာ့ကြောင့်စိမ်းတယ်၊ ကောင်းကင်ကြီး ဘာ့ကြောင့်ပြာတယ်၊ ညနေခင်း ဘာ့ကြောင့်ဝါတယ် ဆိုတာ သက်ဆိုင်ရာအဖြေပါတဲ့ စာအုပ်ကလေးတစ်အုပ် ကောက်ကိုင်လိုက်တာနဲ့ သိနိုင်ပေမယ့် ငါတို့တစ်တွေ ဘာ့ကြောင့် 'မနက်ဖြန်' ရောက်ချင်တယ် ဆိုတာကတော့ အဖြေနဲနဲခက်မယ်ထင်ပါတယ် ။ ခက်မှာပေါ့,, 'မနက်ဖြန်' မရောက်ခင် ဒီနေ့တိုင်းဟာ ငါတို့အတွက် မပြည့်စုံလို့ဘဲလေ ။ လူ နဲ့ တိရိစ္ဆာန်ကို ခွဲခြားပေးထားတဲ့ ဘာသာစကားဗေဒတွေနဲ့ ငါတို့ ဒီနေ့ကိုမွမ်းမံကြတယ် ။ ဘယ်သုသေသီမှ စတင်တွေ့ရှိပုံသက္ကရာဇ် အတိအကျ မပြောနိုင်တဲ့ ချစ်ခြင်းမုန်းခြင်းတွေနဲ့ ငါတို့ ဒီနေ့ကိုဖြတ်သန်းကြတယ် ။ မနေ့ကအတိုင်းဘဲ ငါတို့ဒီနေ့ကို ဆေးခြယ်နေကြတာဘဲလေ ။ ဘာဖြစ်လို့ငါတို့ 'မနက်ဖြန်' ရောက်ချင်ကြတာလဲ! ။ မရောက်သေးတာလဲ ။ 'ဪ,,,,, မျှော်လင့်ချက်' တဲ့လား? ။ နက်မှောင်တဲ့ သူငယ်အိမ်တွေဟာ အိတ်ကပ်ကိုကျော်ပြီး နှလုံးသားကို မြင်အောင်မကြည့်နိုင်ဘဲနဲ့ 'မနက်ဖြန်' တွေဟာ မျှော်လင့်ချက်ရဲ့ 'မျှားစာ' ဖြစ်လာကြတယ် ။ အနုပညာတွေကို ခေါစာပစ်ပြီး ကဗ္ဗည်းတင်ခံချင်လို့ 'မနက်ဖြန်' တွေဟာ မျှားစာ ဖြစ်လာတယ် ။ ရေမွှာကွဲပြီး အချိန်မစေ့ဘဲ မွေးလာတဲ့ ချစ်ခြင်းတွေကို ' မြေစမ်း၊ခရမ်းပျိုး နဘေမှန်း၊အလွမ်းမိုး ' ချင်လို့ 'မနက်ဖြန်'တွေဟာ မျှားစာ ဖြစ်လာကြတယ် ။ အတ္တမပါတဲ့ မျှော်လင့်ချက်တွေဟာ ရိုးသားပါတယ်ဆိုရင် နိဗ္ဗာန်ဟာ သင့်နောက်စေ့နားမှာ ။ သိပ်မဝေးတော့ဘူး နီးနီးလေးရယ် ။ မျက်လုံးမှိတ်ပြီး မြင်အောင်ကြည့်နိုင်ရင် ဟော,, ရှေ့မှတ်တိုင်ဆိုရောက်ပြီ ။  တစ်ခါတစ်လေ လေထန်တယ် ။ တစ်ခါတစ်လေ လေငြိမ်တယ် ။ 'မနေ့က' ဆိုတဲ့ 'ရစ်လုံး' လေးထဲက 'ဒီနေ့' ဆိုတဲ့ 'ကြိုးစ' လေးနဲ့ တွဲချည်ထားတဲ့ ဟိုး,, ကောင်းကင်ပေါ်က 'မနက်ဖြန်' ဆိုတဲ့ 'စွန်' ကလေးကို သေချာဂရုစိုက်ပါ ။ တိုက်နေတဲ့ 'အနာဂတ်' ဆိုတဲ့ 'လေကြော'ကို ကြည့်ပြီး သေချာလေးကိုင်တွယ်ပါ ။ ထိန်းသိမ်းပါ ။ ကိုယ့်ဘေးနားက တစ်ခြားလူတွေရဲ့ 'စွန်' ကလေးတွေကို သွားပြီး မညိပါစေနဲ့ ။ သွားပြီးတော့လဲ မညိပါနဲ့ ။ သူတို့ 'စွန်' ကလေးတွေ ပျက်သွားရင်ဘဲဖြစ်ဖြစ် ကိုယ့်ရဲ့ 'စွန်' ကလေး ပျက်ကျသွားရင်ဘဲ ဖြစ်ဖြစ် လည်နေတဲ့ကမ္ဘာကြီးထဲမှာ ကိုယ်ဟာ ရပ်တန့်သွားပါလိမ့်မယ် ။ လူအချို့ 'စွန်' ကလေးကို ရစ်လုံးနဲ့ရစ်ပြီး လှလှပပ ဆွဲသိမ်းသွားကြတယ် ။ လူအချို့ တိမ်တွေဆီ ရောက်နိုင်မလား လို့ ကြိုးရှည်လှန်ရင်း ကြိုးပြတ် သွားကြတယ် ။ လူအချို့ကတော့ လေကြောင်းကိုကြည့်ပြီး နီးလိုက်ဝေးလိုက်နဲ့ ခုထိ မဇ္ဈိမပဋိပဒါ လွှင့်နေကြတုန်းဘဲ ။ လွှင့်နေဆဲပါဘဲ ။  ကျွန်တော် အိမ်မက်ထဲမှာ 'မနက်ဖြန်'ကို ရောက်သွားတယ် ။ အမယ်,, အဝင်မှာ 'မနက်ဖြန်မှ ကြိုဆိုပါ၏' တဲ့ ။ အဲဒါနဲ့ပျော်ပြီး 'မနက်ဖြန်'ထဲမှာ လည်ပတ်သွားလာတာပေါ့ ။ မကြာပါဘူး သွားရင်းလာရင်း 'မနက်ဖြန်မှ နှုတ်ခွန်းဆက်သပါ၏' ဆိုတဲ့ ဆိုင်းပုဒ်လေးတွေ့တော့ လန့်နိုးလာတာဘဲ ။ တစ်ကယ်တော့ 'မနက်ဖြန်' ဆိုတာ သိပ်ဝေးလှတဲ့ အရာတော့မဟုတ်ဘူး ။ ဘာ့ကြောင့်များ ရောက်ချင်ကြပါလိမ့် ။ ရင်ဘတ်ခြင်းတင်းနေအောင် ချည်ထားတဲ့ကြိုးတွေနဲ့ 'မနက်ဖြန်' ကိုမျှားကြတယ် ။ ငွေစက်ခြင်းမြဲနေအောင် ရိုက်ထားတဲ့ သံတွေနဲ့ 'မနက်ဖြန်' ကိုမျှားကြတယ် ။ သေဘက်ခြင်းနက်နေအောင် တူးထားတဲ့ တွင်းတွေနဲ့ 'မနက်ဖြန်' ကိုမျှားကြတယ် ။ မျှားလို့ ရလာတဲ့ 'မနက်ဖြန်' တွေနဲ့ 'မနက်ဖြန်' ကိုမျှားကြတယ် ။ ဒို့"မြတ်စွာဘုရားရှင်" ကတော့ သူ့ရဲ့ကြီးမားမြင်ြ့မတ်တဲ့ 'မနက်ဖြန်' ကိုတွေ့ဖို့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာတယ်တဲ့ ။ သိပ်ကြောက်သွားစရာ မလိုပါဘူး ။ ဘာလို့ဆိုရင် ကျွန်တော်တို့ အားလုံးရဲ့ 'မနက်ဖြန်'တွေဟာ တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ဘူးလေ ။ ကျွန်တော်တို့လိုချင်တဲ့ 'မနက်ဖြန်'ဟာ ကျွန်တော်တို့ ရှာနေတဲ့ 'မနက်ဖြန်' ဖြစ်ဖို့ဘဲ လိုပါတယ် ။ အကယ်၍ ခင်များရှာနေတဲ့ 'မနက်ဖြန်' ဟာဒီနေ့ဘဲဆိုရင်တော့ ခင်များ လက်ခမောင်းသာ ထခက်လိုက်ပါတော့ ။ photo credit ;google image 