မောင်ထွေး 2(ဘောလုံးပွဲ) (Original Story by @thatkozaw)
myanmar·@thatkozaw·
0.000 HBDမောင်ထွေး 2(ဘောလုံးပွဲ) (Original Story by @thatkozaw)
 မောင်ထွေး ၂ မောင်ထွေးနားမလည်တာတွေများတယ်ဗျ။ ဒါပေမယ့် တချို့တော့နည်းနည်းလေးနားလည်ပါတယ်။ ဥပမာဗျာ မောင်ထွေအလုပ်လုပ်တဲ့ဘီယာဆိုင်မှာ စနေ တနင်္ဂနွေဆို လူတအားများတယ်။ ဘာလို့ဆို ဘောလုံးပွဲကြည့်ကြတာပေါ့။ လူတွေဘောလုံးပွဲကိုအရမ်းအားပေးကြတယ်။ တခါတလေ စကားများကြတယ် အချင်းချင်းတောင် ငြင်းရင်းခုန်ရင်းနဲ့ ဒါပေမယ့် မောင်ထွေးကြည့်တာ မြန်မာအသင်းလည်း မဟုတ်ပါဘူးဗျာ။ ဒါကိုရန်ဖြစ်ကြတယ်။ နောက်သူတို့ ကြည့်တဲ့ပွဲတွေမှာ ဘောလုံးကို မကန်ပဲ ထောင့်ကန်ဘောကန်တဲ့နေရာသွားပီး ဘောလုံးကို ခွထားတာ မောင်ထွေးနားမလည်ဘူး။ အဲ့ဒါအချိန်ဆွဲတာတဲ့ ဘယ်ကောင်းမလည်းဗျာ ရှက်စရာကြီး မကန်ရဲလို့အချိန်ဆွဲတာတဲ့။ လူတွေအများကြီး ဝိုင်းကြည့်နေတဲ့ရှေ့မှာ ပေါ်တင်ကြီး ညစ်နေတာ ရှက်ဖို့ကောင်းတယ်လို့တော့ မောင်ထွေးထင်တယ်။ လာနေကြကိုရွှေကတော့ပြောပြတယ်။ ဘယ်တတ်နိုင်မလည်းကွာတဲ့ သူခမျှာ ပရော်ဖက်ရှင်နယ်မို့ပါတဲ့။ မောင်ထွေးနားမလည်ပါဘူးဆိုမှ ရှင်းပြတော့ပိုရှုပ်သွားတယ်လေ။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဆိုတာ ပိုက်ဆံယူပီး ခိုင်းတာလုပ်ရတယ်လား။ တခြား ရှက်စရာတွေရှိသေး။ ပြစ်ဒဏ်ဘောကန်မယ်ဆို နေရာလေးနည်းနည်း တိုးယူတယ်လေ။ ဖြစ်တဲ့နေရာကနေမကန်ချင်ကြဘူး။ တပေရရနှစ်ပေရရ မောင်ထွေးတော့နားကိုမလည်ဘူး အဲ့လိုလုပ်ရင် ပိုက်ဆံပိုရတယ်ထင်တာပဲ။  ကိုရွှေကိုပြောမိတယ် ကိုရွှေရယ် သူတို့သနားပါတယ်နော်လို့လေ။ ကိုရွှေက ပြန်ပြောတယ် သနားနေဟိုက တစ်လ သိန်းထောင်ချီရတာတဲ့။ မင်းနဲ့တော့ခက်ပါတယ်ကွာတဲ့ဗျာ။ ဘယ့်နှယ်ဗျာ မျဉ်းကြောင်းတစ်ကြောင်းကို ဘောလုံးကျော်ဖို့ လူတွေ အများကြီးကို အဲ့လောက် လစာပေးထားတယ်တဲ့။ ဦးနှောက်မရှိတဲ့လူတွေနေမှာပဲ။ မောင်ထွေးသာ ပိုက်ဆံရှိလို့ကတော့ အဲ့လူတေ ပိုက်ဆံပေးမနေဘူး ဘွားကြည်ဆီက ဘီယာဆိုင်ပြန်ဝယ်ပလိုက်မယ်။ အလုပ်သမားတွေ လစာတိုးပေးပလိုက်မယ်။ အဲ့ ဘောပွဲကြည့်တဲ့သူတွေကလည်း ဘာထူးလည်း သူတို့အားပေးတဲ့အသင်းက လူချပီဆို ချကွချကွ အဲ့ကောင် လုပ်ပလိုက်စမ်းနဲ့။ သူတို့လူထိပီဟေ့ဆိုရင် ဒိုင်ညစ်တယ် ညစ်တယ်ကွာ #@$!%&#! အစရှိသဖြင့် မကြားမနာဝံ့အောင်ဆဲဆိုနေကြပါလေရော။ ပီးရင်တော့ဖြင့် နှစ်လက်မ လောက်ရှိတဲ့စာရွက်လေးတွေ ထုတ်ထုတ်ကြည့် ကြတယ်။ ဘာစာရွက်မှန်းမသိဘူး။ ကိုရွှေက ပြောတာ အဲ့ဒါမောင်းရိုက်တာတဲ့လေ။ ဘယ့်နှယ်ဗျာ စာရွက် ဘောလုံးပွဲ မောင်းရိုက်တာနဲ့ ဘာဆိုင်လဲဗျာ။ ကိုရွှေရှင်းပြတိုင်း ကျနော်ပိုရှုပ်တယ်။ ကိုရွှေလည်း စိတ်ပျက်သွားပီး နောက်တရက်ကျတော့ ဘောဂျာနယ်ဆိုတာ ယူလာတယ်။ အဲ့ဗျာ အဲ့ထဲမှက ကျနော်ငယ်ငယ်က အမေ သိမ်းထားတဲ့ နှစ်လုံးသုံးလုံးထီ ချိုင်းဆိုတာနဲ့ အတူတူပါပဲဗျာ။ ဘယ်အသင်းနိုင်မယ် ဘယ်အသင်းရှုံးမယ်ရေးထားတာ။ အဲ့ဒါတွေကြည့်ပီးလောင်းရတာတဲ့။ ကျနော်မေးတယ် ဒီဂျာနယ်ကြီးယူလာတာ ကိုရွှေဖမ်းခံရမှာ မကြောက်ဘူးလားဆိုတော့ ဒါတရားဝင်တဲ့။ နှစ်လုံးသုံးလုံးထီချိုင်းက ဖမ်းခံရတယ် ဒီဘောလုံးချိုင်းက ဖမ်းမခံရဘူး ဆိုတော့ ဘယ်လိုလဲမသိပါဘူးလေ။ အဲ့ဒါနဲ့ကိုရွှေက ဟေ့ ထီရောင်းသလိုပဲကွတဲ့။ ဟုသားထီလည်း လောင်းကစားပဲဖမ်းဘူးလေ။ အဲ့လိုနေမယ်။ အဲ့ဒါ လောင်းတဲ့နေရာမှာ ဘော်လီနဲ့ မောင်းဆိုတာရှိတယ်တဲ့။ ဘော်လီက တစ်ပွဲချင်းလောင်းတာတဲ့။ မောင်းဆိုတာ အသင်းအများကြီး လိုက်လောင်းတာတဲ့။ နာမည်တေက ဆိုင်လည်းမဆိုင်ဘူး။ မဆိုင်တာထား ကိုရွှေရေ လို့ အဲ့ချိုင်းထုတ်တဲ့သူတွေက မောင်းမရိုက်ကြဘူးလား သူတို့ ရိုက်ရင် ဒိုင်တွေ ရိုက်ခံမှာ မဟုတ်ဘူးနော် သူတို့ချည်းနိုင်မှာစိုးလို့ဆိုပြီး ပြောမိတယ်။ ကိုရွှေက ရယ်ပြန်တယ်။ ဟကောင် မောင်ထွေး အဲ့ချိုင်းရေးတဲ့သူတွေက နှစ်မျိုးနှစ်စားပဲရှိတယ်။ ထိုးလို့မွဲပီး ချိုင်းရေးစားတဲ့သူနဲ့ လုံးဝမထိုး တဲ့သူတွေပဲ ရေးတာတဲ့လေ။ မောင်ထွေး နားကိုမလည်တာ အာ့များ လူတွေ အဲ့ချိုင်းဝယ်ဖတ်နေကြသေးတယ်။ အင်းလေ သူတို့မသိလို့နေမယ်။ သနားပါတယ်နော်။  That Ko Zaw MSC 005
👍 hackerzizon, shwemon, nyinyiwin, zawmyo, sanaung53, phyowaiaung, mahaw, aprillay, konyinyitun, leeshang, kachinhenry, yiyiswe, zinmintun2018, toenaing, steem-myanmar, fand.steemit, pyaesonekhinkhin, angelhnin, myanmarkoko, aungzawhtwe, liongyi, thatkozaw, camelot, curie, liberosist, meerkat, locikll, anwenbaumeister, hendrikdegrote, kushed, drakkomaximo1234, benleemusic, positiveninja, bennettitalia, coloringiship, thatterrioguy, fidelpoet,