အားလပ်ရက်(၃)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@theinzawlin·
0.000 HBD
အားလပ်ရက်(၃)
မင်္ဂလာပါ Steemit မှ ညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ဆုတောင်းဂါရ၀ပြုလိုက်ပါတယ်ဗျ။
ကျွန်တော်ယခင် အပတ်များက ရေးသားခဲ့သော အားလပ်ရက်များကို အောက်ပါ Link များတွင် ဖတ်ရှုဝေဖန်နိုင်ပါတယ်ဗျ။
အားလပ်ရက်
https://steemit.com/myanmar/@theinzawlin/aalpyak-8a0e8225acc2d
အားလပ်ရက်(၂)
https://steemit.com/myanmar/@theinzawlin/aalpyak-2-70da3916e48fc
စိတ်ထဲမှာတော့ မြန်မြန်ရောက်ချင်နေပြီ ၊ တော်ကြာကျန်နေခဲ့ဦးမယ်ဆိုပြီး လောနေခဲ့တော့တယ်။ဒီလိုနဲ့ဘဲ ကျွန်တော်သူတို့ အိမ်ကိုရောက်သွားချိန်မှာတော့ သူ့အစ်ကိုက နောက်ကောင်လေးတစ်ယောက်နှင့်အတူ လိုအပ်သော ဆီပုံးများဖြင့် ခရီးသွားဖို့ရန် အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ကျွန်တော်လည်း သူတို့နဲ့တွေ့မှ စိုးရိမ်ပူပန်မှုတွေပျောက်ပြယ်ခဲ့ရတယ်။အကယ်၍ကျွန်တော်သာနောက်ကျမှ ရောက်လာခဲ့လျှင် ကျွန်တော်ရင်ခုန်ခဲ့သော ခရီးစဉ်အား Steemit မှ မိတ်ဆွေများအား ချပြနိုင်ခြင်းရှိလိမ့်မည် မဟုတ်တော့ပေ။
သူ့အစ်ကိုရောက်လာသည်နှင့် ကျွန်တော်တို့ကို အဆင်သင့်ဖြစ်ပြီလားမေးလာတယ်။အဆင်သင့်ဖြစ်ရင် ဆိပ်ကမ်းကိုသွားကြတော့မယ်ဆိုတော့ ကျွန်တော်တို့ကလည်း လိုက်ဖို့အဆင်သင့်ဖြစ်နေကြောင်းပြောပြကာ ခရီးသွားဖို့စတင်ပြင်ဆင်ကြပါတော့တယ်။သူ့အစ်ကိုက ဆိပ်ကမ်းကိုသွားဖို့ ပစ္စည်းတွေလည်းတင်ရဦးမှာဆိုတော့ သုံးဘီးဆိုင်ကယ်တစ်စီးအားငှားပြီး လိုအပ်သည်များကိုတင်ကာ နောက်ကောင်လေးတစ်ယောက်နဲ့အတူ စတင်ထွက်သွားပါတော့တယ်။ကျွန်တော်တို့နှစ်ယောက်ကတော့ ကိုယ့်ဆိုင်ကယ်နဲ့ကို လိုက်လာခဲ့မယ်ဟုဆိုကာ နောက်ထပ်ပေါ့ပေါ့ပါးပါးသယ်ယူလို့ရသော ဆီပိုက်များကိုကိုင်ကာလိုက်သွားကြပါတော့သည်။
ကျွန်တော်တို့ စတင်ထွက်လို့ဆိုင်ကယ်ဘီးလှိမ့်ခြင်းသိပ်မကြာခင်မှာဘဲ သူ့အစ်ကိုက လှမ်းသတိပေးပြန်တယ် ၊ ရွာကအလုပ်သမားများစားဖို့ ၀ယ်ထားသော ငါးခြောက်ထုပ်နှင့် ပဲဆီပုလင်းများယူလာပြီလားဆိုတော့ မေ့ချန်ထားခဲ့သော ပစ္စည်းများပြန်လည်သွားယူရပြန်သည်။တော်သေးတာပေါ့ အိမ်နဲ့ မဝေးသေးလို့။ကျွန်တော်ကတော့ ပစ္စည်းကျန်လို့သွားယူရတာကိုပင် စိတ်ကမရှည်ချင် ၊ ခရီးသွားလိုစိတ်က အရမ်းကပြင်းပြနေတော့ ဆန္ဒတွေစောနေခဲ့တယ်။ကျွန်တော်တို့လည်း ပစ္စည်းများပြန်ယူပြီး အမှတ်(၃)ဆိပ်ကမ်းသို့ထွက်လာခဲ့ကြပါတော့တယ်။ဆိပ်ကမ်းရှိသော ရွာကို(၁၀)မိနစ်ခန့် ဆိုင်ကယ်စီးပြီးသွားရပါတယ်။
ဆိပ်ကမ်းနားကိုရောက်တော့ ဆိုင်ကယ်ကို ရုံးမှညီလေးတစ်ယောက်အိမ်တွင် အပ်နှံထားခဲ့ကြပါတယ်။ ကျွန်တော်တို့ညနေလောက်မှ ပြန်ရောက်မယ် ၊ အဲဒီအချိန်မှပြန်လာယူမယ်ဟုဆိုကာ ဆိုင်ကယ်သော့ကိုပါ အပ်ထားခဲ့ကြပါတော့တယ်။သော့ကိုမအပ်ထားလို့လည်းမရဘူးဗျ ၊ ကျွန်တော်ကတအားပေါ့လျော့တာ ၊ တော်ကြာ ရွာကိုရောက်လို့တစ်နေရာရာမှာ ၀င်ထိုင်ရင်ချန်ထားခဲ့မှာ။အဲလိုသာကျန်နေခဲ့လို့ကတော့သွားပြီ။ဒီလိုနဲ့ကျွန်တော်တို့လည်း Speed Boat ရှိရာကို ရောက်သွားချိန်မှာ သူ့အစ်ကိုနဲ့ ကောင်လေးက ရေထဲဆင်းပြီး Speed Boat ကို ကမ်းကခွာထားပြီး ကျွန်တော်တို့တက်လို့ရအောင် သင်္ဘောတစ်စီးနားကိုကပ်ပေးထားပါတော့တယ်။
 ![image](https://img.esteem.ws/p8ioo6b8q7.jpg)
ကျွန်တော်ကတော့ ခရီးအစမှာပင် ကျွန်တော်တို့သွားမယ့် Boat လေးကို ဓါတ်ပုံရိုက်လိုက်ပါတော့တယ်။မရိုက်လို့လည်း မရဘူးလေဗျာ ကျွန်တော်ကလိုက်လာကတည်းက အကြံနဲ့လိုက်လာခဲ့တာ။Steemit မှ မိတ်ဆွေများကို ပြဖို့ကုန်ကြမ်းလာရှာတာလေ။ဓါတ်ပုံရိုက်ပြီး ကျွန်တော်တို့လည်း သင်္ဘောပေါ်ကနေပြီး Speed Boat ပေါ်ဆင်းကြတာပေါ့။ကျွန်တော်တို့ရောက်ပြီဆိုတာနဲ့ Boat ကိုသင်္ဘောနားကခွာပြီး စတင်ထွက်ခွာဖို့ပြင်ဆင်ကြပါတော့တယ်။စတင်ထွက်ခွာဖို့ စက်ကိုနှိုးတဲ့အချိန်မှာတော့ စက်ကမနှိုးတော့ပါ။ဟော ပြသနာကစပြီ သွားတောင်မှ မသွားရသေး။သူ့အစ်ကိုလည်း ဆိုင်ကယ်ပြင်ဆရာဆိုတော့ ဟိုနှိုက်ဒီနှိုက်နဲ့ စက်ကိုပြန်ပြင်နေပါတော့တယ်။အဲအချိန်မှာဘဲ Boat က ချောင်းထဲမှာ ဦးတည်ရာမဲ့နေပြီး တဖြည်းဖြည်းချင်း အရပ်လည်နေပါတော့တယ်။
 ![image](https://img.esteem.ws/6mbse42i1n.jpg)
ကျွန်တော်ကတော့ ရတယ်ကိစ္စမရှိဘူး စက်ပျက်နေတာကိုပင် ကျေးဇူးတင်လိုက်သေးတယ် ချောင်းထဲမှ နေပြီး ငါးဖမ်းသင်္ဘောများနဲ့ ဆိပ်ကမ်းရှုခင်းတွေကို ဓါတ်ပုံရိုက်နေခဲ့ရလို့။ထိုအချိန်မှာဘဲ ကျွန်တော်တို့ထဲမှ အသက်အငယ်ဆုံးကောင်လေးက အစ်ကို ဖြစ်ကောဖြစ်ပါ့မလား ၊ ကမ်းကိုပြန်ကပ်ရမလား ဆိုလာပါတော့တယ်။ဒီကောင်လေးက တော်တော်ကိုစကားများတာဘဲဟု ကျွန်တော်တွေးလိုက်တယ်။အစ်ကိုကတော့ ရပါတယ်ညီလေးရာ ၊ ခဏလေးပါ အဆင်ပြေသွားမှာပါဆိုတော့ အဲကောင်လေးက စပ်ဖြဲဖြဲလုပ်နေတော့တယ်။ပြီးတော့ အဲကောင်လေးက သူထင်ရာတွေလျှောက်ပြောနေတော့တယ်။ဒီလိုနဲ့ သိပ်မကြာခင်မှာဘဲ စက်ကပြန်လည်ကောင်းမွန်ကာ နှိုးလာပါတော့တယ်။ကျွန်တော်တို့လည်း စက်ကောင်းလာတော့ ခရီးစတင်ထွက်ခွာကြပါတော့တယ်။အိုး ပျော်လိုက်တာဖြစ်ခြင်း Speed Boat ကလည်း ပြေးနှုန်းကတအားမြန်တော့ စိတ်ထဲကြည်နှုးမဆုံး။
 ![image](https://img.esteem.ws/60vd0nk1fv.jpg)
အစိမ်းရောင်သန်းနေသော ချောင်းရဲ့ရေပြင်မှာ သူရဲ့မြန်နှုန်းဖြင့်သွားနေတာကိုက ကျွန်တော်က သဘောကျနှစ်သက်နေပါတော့တယ်။ကျွန်တော်လည်း စတင်ထွက်ခွာပြီဆိုတာနဲ့ ဘယ်ရမလဲ Selfie လေးတော့ လုပ်ရဦးမှာဘဲဆိုပြီး တစ်ခေါက်လောက်တော့ထပ်ရိုက်လိုက်ပြန်တယ်။
 ![image](https://img.esteem.ws/unqskdlyrl.jpg)
ကျွန်တော်တို့ ချောင်းတွင်းမှ စတင်ထွက်လာချိန်မှာဘဲ ငါးဖမ်းသင်္ဘောတစ်စီးကလည်း ပင်လယ်ပြင်ကိုငါးဖမ်းဖို့ထွက်လာသည်နဲ့ ကြုံတာပေါ့။ကျွန်တော်ကတော့ ပျော်လို့မဆုံး တပြုံးပြုံးပါဘဲ။ဒီလိုမျိုးမြင်ကွင်းတွေကို မြင်ရဖို့က ကုန်းပေါ်မှာဘဲ အနေများတဲ့ ကျွန်တော်တို့အဖို့က ရှားပါးတယ်လို့ဆိုပါရစေဗျာ။ငါးဖမ်းသင်္ဘောကလည်း အင်ဂျင်သံဆူဆူညံညံဖြင့် ပင်လယ်ကိုထွက်ဖို့ မာန်ဟီနေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ Speed Boat လေးက အရှိန်အဟုန်များစွာဖြင့် သူ့ကိုကျော်တက်လိုက်ပြန်တော့ ပီတိဖြစ်ပြီပေါ့။ဘာမှလည်း ဟုတ်တာမဟုတ်ဘဲနဲ့ ကျွန်တော်ကတော့ ငါးဖမ်းသင်္ဘောကို ကျော်ဖြတ်သွားတာကိုပင် အူမြူးနေခဲ့ပါတော့တယ်။ကျွန်တော်တို့လည်း ချောင်းတွင်းကို (၃) မိနစ်လောက် စီးနှင်းပြီးနောက် ကျွန်တော်တို့မြို့ရဲ့ မြစ်ဝကို စတင်ဖြတ်မောင်းဖို့ မြန်နှုန်းနည်းနည်းထပ်မြှင့်လိုက်ပါတော့တယ်။မြစ်ဝကို စတင်ဖြတ်မောင်းပြီဆိုတော့ လှိုင်းကလေးတွေကလည်း နည်းနည်းရှိလာပါတော့တယ်။ကျွန်တော်တို့မြို့ရဲ့ မြစ်ဝက လှိုင်းနည်းနည်းကြမ်းတယ်ဗျာ။ဒါပေမယ့် ပြသနာတော့မရှိပါဘူး။
ရာသီဥတုကလည်း သာယာနေတာဘဲ။လှိုင်းတွေပေါ်ပြေးနေတဲ့ Speed Boat ရဲ့ အနေအထားက နည်းနည်းတော့ အသည်းယားစရာဗျ။တစ်ချက်ချက်ဆို ဒုန်းခနဲမြည်သံနဲ့အတူ လှိုင်းတွေပေါ်ဖြတ်ကျော်သွားတာက ရင်ကိုလှပ်ခနဲလှပ်ခနဲဖြစ်စေခဲ့တယ်။ကျွန်တော်နည်းနည်းတော့ စိုးရိမ်စိတ်ဝင်လာခဲ့တယ်။ ဒီအကောင်ကြီး ဒီမြစ်ကို ဖြတ်ကောဖြတ်နိုင်ပါ့မလားပေါ့။ကျွန်တော့်အတွေးတွေကို ဟိုပြေးလိုက် ဒီပြေးလိုက်။အဲဒီအချိန်မှာတော့ ကျွန်တော်လည်း စကားသိပ်မပြောတော့ဘဲ ဖုန်းကိုပြန်လည်သိမ်းထားကာ ငြိမ်ငြိမ်လေးထိုင်ပြီး ဘေးပတ်ဝန်းကျင်တွေကို ကြည့်နေပါတော့တယ်။ဘေးပတ်ဝန်းကျင်မှာ တခြားစက်တပ်ယာဉ်များ မြစ်ပြင်ပေါ်ခုတ်မောင်းနေကြတာတွေတွေ့ရပါတယ်။သူတို့ကိုကြည့်ရတာလည်း နည်းနည်းတော့ကြက်သီးထချင်စရာ။
မြစ်ပြင်ပေါ်ဖြတ်သန်းသွားနေတဲ့ ယာဉ်တွေက ယာဉ်ခေါင်းလေးက အပေါ်မြှောက်သွားလိုက် ပဲ့ပိုင်းလေးက နိမ့်သွားလိုက်။ပဲ့ပိုင်းလေးက ပေါ်လာလိုက် ခေါင်းလေးနိမ့်သွားလိုက်နဲ့။အဲလိုလေးတွေကို ကြည့်ပြီးလန့်နေလိုက် အာရုံတွေကို ကိုယ့်ဘက်ကိုပြန်စုလိုက်နဲ့  ကျွန်တော်က နည်းနည်းတော့ စိုးရိမ်စိတ်ဝင်နေခဲ့တာပေါ့။ယင်းအချိန်မှာတော့ ကျွန်တော်တစ်ခုခုကို သတိရကာ အာရုံစိုက်ပြီး ရေရွတ်မိတာကတော့ ဗုဒ္ဓံ သရဏံ  ဂစ္ဆာမိ။ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃာ သရဏံ ဂစ္ဆာမိ ဆိုပြီး ဒုတိယမိ ၊ တတိယမိတွေကိုပါ ဆက်လက်ရွက်ဆိုနေပါတော့တယ်။လူကနည်းနည်းလေးဆိုတာနဲ့ သတ္တိကရှိလာပြီလေ။အမှန်က အဲလောက်လည်း ကြောက်စရာမကောင်းပါဘူး။ဒီလောက်လှိုင်းလေးတွေက ကျွန်တော်တို့ဒေသတွေမှာဆို ပုံမှန်အနေအထားလောက်ပါဘဲ။ကျွန်တော်ကရေကြောင်းခရီးက အခုနောက်ပိုင်းနှစ်တွေမှာ အသွားအလာတော်တော်နည်းလာခဲ့လို့ နည်းနည်းစိုးရိမ်စိတ်ဝင်မိတာပေါ့။တစ်ဘက်ကလည်း ယုံကြည်မှုကိုအားကိုးကာ ကျွန်တော်တို့ဖြတ်နိုင်မှာပါဆိုပြီး အားတင်းထားခဲ့ပြန်ပါတယ်။
ထိုအချိန်မှာ စီးနင်းရတဲ့ Speed Boat ရဲ့ အရသာကလည်း မြင်းစီးနေသလားမှတ်ရတယ်။မြင့်သွားလိုက် အောက်ပြန်ကျလိုက်နဲ့ ရင်ခုန်စရာတော့ ဖြစ်နေခဲ့ပါတော့တယ်။သို့ပေမယ့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အချိန်မှာတော့ အပြာရောင်သန်းနေတဲ့ မြစ်ပြင်ကျယ်မှာ လှိုင်းလုံးကလေးတွေက ဆော့ကစားနေသလို ပြေးလွှားနေကြတော့တယ်။ကြည်လင်တဲ့ ရာသီဥတုရဲ့ နေမင်းအလင်းရောင်ကြောင့် မျက်စိနဲ့ မနီးမဝေးက တလှပ်လှပ်လင်းနေတဲ့ ရေပြင်ရဲ့အလင်းရောင်က ကြည့်လို့မ၀တဲ့ သဘာဝအလှတရားတွေလို့တော့ မြင်မိပါတယ်။နောက်ဘက်ကိုလှည့်ကြည့်လိုက်တော့ ကျွန်တော်တို့မြို့ရဲ့ အုန်းပင်တန်းနဲ့ အဆောက်အဦးအမြင့်တွေရဲ့ အဝေးမြင်ကွင်းကလည်း ကြည့်လို့မ၀ဖြစ်နေခဲ့ပြန်ပါတယ်။
 ![image](https://img.esteem.ws/pu5l2jfzu9.jpg)
ရှေ့ဘက်ကိုကြည့်လိုက်ပြန်တော့ တောင်တန်းတွေနဲ့ စိမ်းစိုနေတဲ့ သစ်ပင်တွေ ၊ ကမ်းနားက ကျောက်တန်းလေးကိုတော့ ရေးရေးလေးပေါ့။
ဒီလိုမျိုးသဘာဝအလှတရားတွေနဲ့ ရှိနေခဲ့တဲ့ ခရီးသွားအမှတ်တရကတော့ ရင်ထဲအမြဲကိန်းအောင်းနေတော့မှာ အမှန်ဘဲဟု ကျွန်တော်လည်းယုံကြည်ထားခဲ့တယ်။ကျွန်တော်တို့လည်း ဒီလိုနဲ့ မြစ်ပြင်ကျယ်ကို (၁၅) မိနစ်ခန့်ဖြတ်မောင်းပြီးချိန် တစ်ဘက်ကကမ်းက ချောင်းတွင်းနားကို ပြန်လည်ဝင်ရောက်ဖို့နီးကပ်လာခဲ့ပါတယ်။ကျွန်တော်တို့က Speed Boat နဲ့မို့သာ ဒီလောက်အချိန်အနည်းငယ်ဘဲ ဖြတ်သန်းလိုက်ရတယ်။သာမန်စက်တပ်ယာဉ်(ဒေသအခေါ် ဘုတ်)တွေနဲ့ဆိုရင် (၃၅) မိနစ်ခန့် ဖြတ်သန်းရပါတယ်။မြစ်ပြင်ကလှိုင်းလည်းနည်းနည်းကြီးတော့ တစ်ခါတစ်လေ အန္တရာယ်လည်းများတဲ့ မြစ်ပြင်ပါ။ကျွန်တော်တို့ ဒီမြစ်ပြင်ကျယ်က နိုင်ငံခြားရေနံတင်သင်္ဘောကြီးတွေတောင် ခုတ်မောင်းနေတဲ့ မြစ်ပြင်ကျယ်ဆိုတော့ စာဖတ်သူ Steemit မိတ်ဆွေများ စိတ်ကူးပုံဖော်ကြည့်ရင်မြင်နိုင်လိမ့်ထင်ပါတယ်။ကျွန်တော်တို့လည်း ဟိုဘက်ကမ်းက ချောင်းဝကို စတင်ဝင်ရောက်ပြီဆိုတာနဲ့ လှိုင်းကတော့နည်းနည်းလေးလျော့နည်းလာပြီး တဖြည်းဖြည်း အေးဆေးငြိမ်သက်စွာနဲ့ဘဲ ခရီးဆက်လာခဲ့ကြပါတော့တယ်။ကျွန်တော်တို့လည်း ချောင်းတွင်းပိုင်းကို ရောက်သွားသဖြင့် စိတ်ကလည်း နည်းနည်းပူပင်မှုတွေလျော့သွားကာ ခရီးဆက်လာခဲ့ကြရာ------------------
ဆက်ရန်။
Steemit ညီအစ်ကို မောင်နှမများ ဆက်လက်အားပေးကြပါရန် တောင်းဆိုရင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းကာ ခေတ္တနိဂုံးချုပ်ပါရစေ။
Photos;Images by Me
Writter @theinzawlin
MSC - 128
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,