ငှက်ကလေးတွေ ကြားပါစေ
esteem·@yemon·
0.000 HBDငှက်ကလေးတွေ ကြားပါစေ
 *ငှက်ကလေးတွေ နားပါစေလေ
မြိုင်ခြေတောတန်း ကန္တာလမ်း၌
ပင်ပန်းလှိုက်ဆူ နွေအပူနှင့်
နေပူပြင်းရှ လောင်မြိုက်ကြ၍
ခဏမှေးမှိတ် ကိုယ့်အေးရိပ်၌
ချွေးသိပ်ပါချင် ခွင့်ပန်လျှင်သော်
ကြင်နာပွေ့ဖက် မကန့်ကွက်ပြီ
ငှက်ကလေးတွေ နားပါစေ.....
*ငှက်ကလေးတွေ စားပါစေလေ
ကိုက် ခြွေချီမ သီးချိုမြနှင့်
မဝနိုင်သေး ဆာလောင်သေးသော်
အေးရိပ်ခိုမှီး သစ်ပင်ကြီးကို
နှုတ်သီးဖြင့်ပေါက် ခြေဖြင့်ကျောက်လျက်
သစ်ခေါက်ကြိုကြား ပုန်းခိုနားသည့်
ပိုးမွှားငယ်အား ရှာဖွေစားလည်း
မြစ်ထားငြိုငြင် မပိတ်ပင်ဘဲ
ချစ်ခင်မပျက် သည်းခံလျှက်ပင်
ငှက်ကလေးတွေ စားပါစေ.......
*ငှက်ကလေးတွေ သွားပါစေလေ
စားရေ ရိက္ခာ ပြည့်စုံပါ၍
ခုခါ အိမ်ပြန် အချိန်တန်သော်
မျက်မာန်တင်းရှ အစာဝ၍
ဌာနပြန်ပြေး မြငှက်ကျေးဟု
ဆဲရေး ငြိုငြင် ပြစ်မတင်ပါ
ချစ်ခင်မွေ့သိမ် နှလုံးအိမ်ဝယ်
အချိန်တန်က အိမ်ပြန်ရသည်
လောကအရှိ ဆင်ခြင်သိနှင့်
သတိမြဲလျှက် ချစ်မပျက်သည်
ငှက်ကလေးတွေ သွားပါစေ.......
*ငှက်ကလေးတွေ ကြားပါစေလေ
ဝေးမြေရပ်ဝန်း အပြန်လမ်းလျှင်
ဖြောင့်တန်းစေကြောင်း ဆုမွန်တောင်းမိ
ချောင်းကူး မြစ်ဖြတ် တောမြိုင်ရပ်ဝယ်
ငှက်ခတ်သမား လေးနှင့်မြှားလည်း
ရှောင်ရှားပိုင်ပိုင် ကွေကွင်းနိုင်စေ
ပန်းတိုင်ရပ်ဆီ မရောက်မီဝယ်
ကြုံလှီနွမ်းလျ ပင်ပန်းကလည်း
ချမ်းမြ ရိပ်ညို အေးရိပ်ခိုဖို့
ကိုယ့်လိုသစ်ပင် တစ်ဖန်မြင်ကာ
ချစ်ခင်ထွေးပွေ့ မေတ္တာငွေ့ဖြင့်
ချမ်းမြေ့စေခြင် အေးစေခြင်ကြောင်း
အသင်တို့အတွက် ခွန်းနှုတ်ဆက်သည်
ငှက်ကလေးတွေ ကြားပါစေ......
ဝန်ခံချက်။ ။ကျွန်တော်သည်ကဗျာကိုအရမ်းနှစ်သက်မြတ်နိုးတန်ဖိုးထားပါသည်။ယခုလိုကဗျာတစ်ပုဒ်ကိုပြည့်စုံအောင်ရေးစပ်နိုင်စွမ်းမရှိသေးသောဝါသနာရှင်တစ်ဦးသာဖြစ်ပါသည်။ဒီကဗျာလေးအားနှစ်သက်သောကြောင့်၂၀၀၇ခုနှစ် မတ်လထုတ် နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်း အမှတ်(၉၅)မှမြင်းမူမောင်နိုင်မိုးရေးသားသည့်ကဗျာကိုထုတ်နှုတ်တင်ပြရခြင်းဖြစ်ပါကြောင်းဝန်ခံအပ်ပါသည်။
Z..K..L..ရွှေလည်
HFS: @ yemon
်👍 juliusseaser, suyutu, aunglat, chanlay, myanmarl, shweyoe, naymyotun, myohlaingoo, buildawhle, moewinzaw, yemon, bigbosss, evernew, zinmintun7,