လူသားများရဲ့ အတ္ထုပ္ပတ္တိ ၊ အချိန်အခါနှင့် အခွင့်အရေး (အပိုင်း-5)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@zinmintun7·
0.000 HBD
လူသားများရဲ့ အတ္ထုပ္ပတ္တိ ၊ အချိန်အခါနှင့် အခွင့်အရေး (အပိုင်း-5)
<center>![time.jpg](https://steemitimages.com/DQmWB3TbJ3kqdDpLR599wMGgWRmwsCtodCAcyVwnGdi4VqQ/time.jpg)</center>

လူတို့၏ဘ၀တွင် အောင်မြင်ရန်အတွက်လမ်းစ အခွင့်အရေးများများစားစားမရတတ်ပါ။ အခွင့်အရေးလာချိန်ဝယ် အမိအရဆုပ်ကိုင်၍ မိမိပန်းတိုင်သို့ အလျင်အမြန်တက်နိုင်ရန် ကြိုးစားအသုံးချသင့်သည်။ 

ကျွန်တော်သိသောလူကြီးများ၏ အတွေ့အကြုံပြောပြချက်များအရ လူ့တစ်ဘ၀တွင် အောင်မြင်ရန် အခွင့်အရေး အနည်းဆုံး (၃) ကြိမ်ခန့်သာရတတ်လေသည်။ ထို့ကြောင့် လူ့သက်တမ်းတစ်လျှောက်တွင် ထိုသို့ အကြိမ်ရေနည်းပါးစွာရောက်လာတတ်သော အောင်မြင်ရန်လမ်းစ အခွင့်အရေးကို ရောက်လာချိန်ဝယ် ပိုင်ပိုင်နိုင်နိုင် ဖမ်းဆုပ် တတ်ကြရပေမည်။ 

ယခုတင်ပြသည့်အကြောင်းအရာနှင့်စပ်လျဉ်း၍ ကျွန်တော်၏ ဘ၀အတွေ့အကြုံအချို့ကို တင်ပြလိုပါသည်။ ကျွန်တော်သည်၂၀၀၇ ခုနှစ် (၁၀)တန်းပြီးစမှ စပြီး ကွန်ပျူတာ မိတ္တူ (DTP) လောကထဲ ကျင်လည်လာခဲ့ရာ ယနေ့အထိပင်ဖြစ်လေသည်။ မှတ်မှတ်ရရ ကျွန်တော် လုပ်ကိုင်ခဲ့သော သက်တမ်းတစ်လျှောက် တစ်ကြိမ်မျှ အောင်မြင်ရန်အခွင့်အရေးရခဲ့ဖူး လေသည်။ သို့ရာတွင် အဆိုပါအောင်မြင်မှုကို ကောင်းကောင်းမွန်မွန် အသုံးမချနိုင်ခဲ့ပါ။ ထိုအကြောင်းကို ယခု ရှင်းလင်းတင်ပြလိုပါသည်။

အချိန်ကာလကား ၂၀၁၀-၂၀၁၃ ကာလတည်း။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ထားဝယ်ဒေသတွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းစတင်တော့မည် ဟူ၍ ဟိုတစ်စ ဒီတစ်စ သတင်းထွက်လာလေသည်။ ထိုအချိန်တွင် ကျွန်တော်သည် နည်းပညာတက္ကသိုလ် ပထမနှစ် မတက်နိုင်သဖြင့် တစ်နှစ်အောက် (တစ်နှစ်နားခွင့်) တင်ထားချိန် ဖြစ်သည်။ ထိုစဉ်က ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း သည် ထိုင်းနိုင်ငံနှင့် ဆက်သွယ်သောလမ်းဖောက်လုပ်ရန် လမ်းအူကြောင်း လျာထားသည့် မြေပုံများ ထွက်လာ လေသည်။ Google Map မြေပုံတွင်လည်း ထားဝယ်ရေနက်ဆိပ်ကမ်းလမ်းသည် ထားဝယ်မြို့ တွင် ဖြတ်သွားမည့်ကြောင်း သတင်းများထွက်လာခဲ့လေသည်။ 

ထို့ကြောင့် နိုင်ငံတ၀ှမ်းရှိကုမ္ပဏီကြီးများ အပြိုင်အဆိုင် မြေယာ ပိုင်ဆိုင်ခွင့် လျှောက်ထားကြလေသည်။ မိရိုးဖလာ တောင်သူများကလည်း မိမိတို့ ခြံပိုင်ဆိုင်ခွင့် စာရွက်စာတမ်း အထောက်အထားများရရှိရန် အပြိုင်အဆိုင် ရွာလုံးကျွတ် လျှောက်ထားတင်ပြ ကြလေသည်။ 

ထိုသို့ လျှောက်ထားမှု တင်ပြမှုများအပေါ် သက်ဆိုင်ရာ ရုံး၊ ဌာန၊ များမှ ကွင်းဆင်း စစ်ဆေး ပြီး အထက်ဌာနအဆင့်ဆင့် ပြန်လည်တင်ပြရသည်ဖြစ်ရာ လွန်စွာမှ ရုံးလုပ်ငန်းတွင်ကျယ်သော ခေတ်ကာလတည်း။ ထိုအချိန်ဝယ် သက်ဆိုင်ရာ ဌာနရုံးများတွင် ကွန်ပျူတာ၊ မိတ္တူ နှင့် ပတ်သက်သော ပစ္စည်းကိရိယာများ မရှိသည့်အပြင် ကွန်ပျူတာ စာရေးလည်း မရှိပေ။ 

ထို့ကြောင့် လျှောက်ထားသူ ပြည်သူနှင့် စစ်ဆေးသူ ၀န်ထမ်း တို့ အားလုံးနီးပါးသည် ကျွန်တော် အပါအ၀င် လုပ်ကိုင်လျှက်ရှိသော ကွန်ပျူတာ မိတ္တူ (DTP) ဆိုင်လေးများအား အလွန် အားကိုးရလေရာ ကျွန်တော်တို့ အတွက် အလွန်အဆင်ပြေသော ကာလတစ်ခု ဖြစ်ခဲ့ပါသည်။ 

နေ့မအိပ်ညမနားပဲ  အစီရင်ခံစာ၊ လျှောက်လွှာ၊ ရုံးစာ စာစီစာရိုက်ခြင်းလုပ်ငန်းများ၊ ကွင်းနင်းအစီရင်ခံစာနှင့် တွဲလျှက်တင်ပြရန် ဓါတ်ပုံမှတ်တမ်း၊ မြေပုံမှတ်တမ်းများအားလည်း ရေးကူးထုတ်ပေးကြရလေရာ Colour Injet Printer တစ်လုံးရှိလျှင် တနေကုန် အလုပ် ဖြစ်နေလေတော့သည်။

ထိုစဉ်က ကျွန်တော်၏ တစ်နေ့ဝင်ငွေသည် ၂၀၀၀၀ိ/- မှ ၁၀၀၀၀၀ိ/- အထိ ရရှိသဖြင့် လွန်စွာအဆင်ပြေခဲ့လေသည်။ 
သို့ရာတွင် ငယ်ရွယ်သော ကျောင်းနေအရွယ် ဖြစ်သော ကျွန်တော်သည် ဘ၀က ပေးသော အခွင့်အရေးဆိုသည်ကို မမြင်နိုင်ခဲ့ပါ။ အလုပ်လုပ်မည်။ ငွေရမည်။ ပျော်မည်၊ ပါးမည်၊ စသည်ဖြင့် ရလာသော အခွင့်အရေးကို ဖြုန်းတီးမိခဲ့လေသည်။ သို့ရာတွင် အခြားသော လူဆိုးများ ကဲ့သို့ သောက်စားမူးယစ် သုံးဖြုန်းခြင်းမျိုးတော့မဟုတ်ပါချေ။ 

၂၀၁၂ ခုနှစ်တွင် ကျွန်တော် အိမ်ထောင်ကျခဲ့လေသည်။ ထို့နောက် သားသမီးတစ်ဦးထွန်းကား ခဲ့လေရာ ထိုစဉ်က မင်္ဂလာဆောင်ရန် ကုန်ကျသမျှ၊ သားသမီးမွေးရန် ကုန်ကျသမျှ အားလုံးသည် ကျွန်တော်၏ ၀င်ငွေဖြင့်အဆင်ပြေခဲ့လေသည်။ ဖြုန်းတီးသည်ဟုဆိုရာ ၀ယ် ကျွန်တော်သည် Digital နည်းပညာ ပစ္စည်း အသစ်၊ အကောင်း အလွန်ကြိုက်လေသည်။ အပတ်စဉ်ထွက်သမျှ Internet Journal ကို ၀ယ်ယူ၍ ထို ဂျာနယ်တွင် ပါသမျှ ပစ္စည်းအသစ် အကောင်းများအား လွန်စွာ မှာယူသုံးစွဲခဲ့လေသည်။ 

Digital ပစ္စည်းဟူသည် ၀ယ်စဉ်က သာ ဈေးကြီးသော်လည်း ပြန်ရောင်းလိုလျှင် လုံးဝတန်ဖိုးမရှိတော့သည်ကို ထိုစဉ်က နားမလည်ခဲ့ ပါချေ။
ထို့ကြောင့် ကျွန်တော် ရသမျှ ၀င်ငွေသည် အဆိုပါ ကွန်ပျူတာသုံး၊ နည်းပညာသုံး ပစ္စည်းများနှင့် လက်ကိုင်ဖုန်းများ လဲကိုင်ခြင်း တို့အတွက် သာ သုံးမိခဲ့လေသည်။ 

ထိုအချိန်ထိုကာလတွင် ကျွန်တော်သည် ရလာသော အခွင့်အရေးကို ဖမ်းဆုပ်တတ်ခဲ့ပါလျှင် ယခုအခါတွင် ကိုယ်ပိုင် ဥယျာဉ်ခြံလေးနှင့် အိမ်တစ်လုံး ပိုင်ဆိုင်နိုင်နေလောက်ပါပြီ။ 
ငယ်ရွယ်သော၊ အတွေ့အကြုံနည်းပါးသော၊ လမ်းပြပေးမည့်သူ မရှိသော အချိန်တွင် ထိုသို့သော အခွင့်အရေးကို မမြင်တတ်ခဲ့ခြင်းမှာလည်း အပြစ်ဟု မဆိုသာသော်လည်း ပြန်လည်စဉ်းစားမိတိုင်း နှမြောတသတော့ ဖြစ်နေရစမြဲ ဖြစ်လေသည်။

ဤသည်ကား ကျွန်တော်၏ ဘ၀တွင် ကြုံခဲ့ရသော ပထမဆုံးအခွင့်အရေး နှင့် ထိုအခွင့်အရေးကို လက်လွှတ်ခဲ့ရခြင်း အကြောင်းပင်ဖြစ်လေသည်။

ထို့ကြောင့် ယနေ့ခေတ်လူငယ်လူရွယ်များအားလည်း အချိန်ကို အကျိုးရှိရှိအသုံးချ၍ မိမိတို့ဘ၀တွင် ရှားရှားပါးပါးလာမည့် အခွင့်အရေးများကို ဖမ်းဆုပ်နိုင်ရန် အရည်အချင်း၊ ပညာ၊ လုံ့လ စိုက် ထုတ်ကြိုးစားခြင်းဖြင့် အောင်မြင်မှုအတွက် အသင့်ပြင်ထားသင့်ကြောင်း တင်ပြလိုက်ရပေ တော့သည်။ 

<center>![Missed-Opportunity-636x424.jpg](https://steemitimages.com/DQmbFn9HZGfDJbTbPEfKrk7EbEqHbxnfpFxperdV3GzE67o/Missed-Opportunity-636x424.jpg)</center>

ကျေးဇူးတင်လျှက်

Written By: @zinmintun7
Image Credit: Google Search Images
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,